ဆွာရက်ဇ်ကတော့ ပင်နယ်တီလွဲချော်ခဲ့ရပါတယ်။

ဥရုဂွေးဟာ ပီရူးကို သာမန်ပွဲချိန်အတွင်း အနိုင်မယူနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အဓိကတိုက်စစ်မှူးဆွာရက်ဇ်ရဲ့ အဖွင့်ပင်နယ်တီလွဲချော်မှုနဲ့အတူ ပီရူးကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဥရုဂွေး နဲ့ ပီရူးတို့ရဲ့ ကိုပါအမေရိဖလားပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ကတော့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ နာမည်ကြီး ဥရုဂွေးဟာ ပီရူးကို သာမန်ပွဲချိန်အတွင်း အနိုင်မယူနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အဓိကတိုက်စစ်မှူးဆွာရက်ဇ်ရဲ့ အဖွင့်ပင်နယ်တီလွဲချော်မှုနဲ့အတူ ပီရူးကို အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။



ပွဲချိန်အတွင်းမှာလည်း ဥရုဂွေးကခြေစွမ်းပို်င်းအသာရခဲ့ပြီး ကာဗာနီရဲ့ သွင်းဂိုးကို ပယ်ဖျက်ခံခဲ့ရလို့ နစ်နာခဲ့ပါတယ်။ ပီရူးကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တဲ့အပြင် ခံစစ်ကို လုံခြုံအောင်ဦးစားပေးကစားခဲ့ပြီး ဥရုဂွေးကို ပင်နယ်တီအဆုံးအဖြတ်အထိ ဆွဲခေါ်နိုင်ခဲ့ကာ အခွင့်အရေးကို အရယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။

ကစားသမားအင်အားချင်း ကွာခြားလွန်းပြီး ခြေစွမ်းပိုင်းလည်း ကွာဟခဲ့ပေမယ့် ဥရုဂွေးဟာ ပီရူးကို ဂိုးသွင်းနိုင်ဖို့တော့ တော်တော်လေးအားထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ပီရူးနောက်တန်းနဲ့ ဂိုးသမားက နားလည်မှုရှိရှိနဲ့ ဟန့်တားနိုင်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှူးဖာဖန် ဒဏ်ရာကြောင့် မပါဝင်နိုင်တော့တာကလည်း ပီရူးကို ခံစစ်ကို ပိုမိုအားပြုဖို့ ဖြစ်စေခဲ့ပါတယ်။

ဗိုလ်စွဲဖို့အထိရေပန်းစားခဲ့တဲ့ ဥရုဂွေးဟာ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေပဲ လက်ပြနှုတ်ဆက်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ပြီးရင် လူစာရင်းပိုင်းအတောင့်တင်းဆုံးလို့ဆိုရမယ့် ဥရုဂွေးအတွက် နစ်နာခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး အကောင်းဆုံးအုပ်စုတတိယနဲ့ ကွာတားကို ရောက်ခဲ့တဲ့ ပီရူးက သူတို့ကို အနိုင်ယူသွားခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမှာ ဆွာရက်ဇ်ရဲ့ ဗွေဆော်ဦးကန်သွင်းမှုကို ပီရူးဂိုးသမားက ဆုံးဖြတ်ချက်မှန်မှန်နဲ့ အပိုင်ကာကွယ်နိုင်ခဲ့ပါတယ်။ ကျန်သွင်းဂိုးတွေမှာတော့ နှစ်သင်းစလုံးဂိုးဝင်ခဲ့ပြီး ပီရူးက (၅-၄) နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆွာရက်ဇ်ဟာ သူ့ရဲ့အမှားအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က