မက်ဆီနဲ့ဘာကာတို့ရဲ့ စာချုပ်က အသက်ဝင်နေဆဲလို့ အတည်ပြုသွားခဲ့တာပါ။
Pyae Phyo Thein

လာလီဂါကိုယ်တိုင်က မက်ဆီထွက်ခွာခဲ့မယ်ဆိုရင် လိဂ်အတွက်ကြီးမားတဲ့ပုံရိပ်ဆုံးရှုံးမှာကို နားလည်ထားပြီး အလွယ်တကူထွက်ခွာနိုင်ခြင်းမရှိအောင် ဖန်တီးခဲ့တာလို့ ယူဆသူအများအပြားရှိလာခဲ့ပါတယ်။


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီကတော့ အသင်းကနေအလွတ်ထွက်ခွာခွင့်ရရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ လာလီဂါအဖွဲ့ချုပ်က မက်ဆီနဲ့ ဘာစီလိုနာတို့ကြား ချုပ်ဆိုထားတဲ့ ယူရိုသန်း ၇ဝဝတန် လျော်ကြေးစာချုပ်ဟာ အသက်ဝင်နေဆဲဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပြီးနောက် မက်ဆီအတွက် အကျဉ်းအကျပ်ထဲကို ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ လာလီဂါကိုယ်တိုင်က မက်ဆီထွက်ခွာခဲ့မယ်ဆိုရင် လိဂ်အတွက်ကြီးမားတဲ့ပုံရိပ်ဆုံးရှုံးမှာကို နားလည်ထားပြီး အလွယ်တကူထွက်ခွာနိုင်ခြင်းမရှိအောင် ဖန်တီးခဲ့တာလို့ ယူဆသူအများအပြားရှိလာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကစားသမားက သူနဲ့ကလပ်အသင်းကြားက စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားပြီး ဘာစီလိုနာကလည်း စာချုပ်ပါအချက်အလက်တွေကို ဆုပ်ကိုင်ကာ ငြင်းဆန်နေပြီး နှစ်ဦးနှစ်ဖက်ကြားတင်းမာမှုတွေရှိနေခဲ့ပါတယ်။ 

မက်ဆီအနေနဲ့ ရာသီကုန်မှာ အလွတ်ထွက်ခွာချင်ပါက ဇွန်လ ၁၀ ရက်နေ့မတိုင်ခင် အသင်းကိုအသိပေးရမှာဖြစ်တယ်လို့ စာချုပ်ထဲမှာပါဝင်ခဲ့ပြီး မက်ဆီဘက်ကပြောဆိုခဲ့မှုဟာ အဆိုပါနေ့ရက်ကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့သူ့ရဲ့ရှေ့နေတွေကတော့ ဘောလုံးရာသီမပြီးဆုံးသေးမှုကို အကြောင်းပြချက်တစ်ခုအဖြစ်နဲ့ ပြန်လည်ထောက်ပြကာ အလွတ်ထွက်ခွာနိုင်ဖို့ကို ကြိုးစားနေတာဖြစ်ပါတယ်။

ဒီအချိန်မှာ လာလီဂါက ကြားဝင်လာခဲ့ပြီး ကစားသမားနဲ့ ကလပ်အသင်းကြားစာချုပ်ပါအချက်အလက်တွေအရ မက်ဆီကိုခေါ်ယူဖို့ဆိုရင် လျော်ကြေးယူရိုသန်း ၇၀၀ ပေးမှရမယ်ဆိုတဲ့ စာချုပ်ပါအချက်အလက်တွေဟာ ခိုင်မာမှုရှိနေသေးတယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီကို အလိုရှိနေတဲ့ မန်စီးတီးအနေနဲ့ လျော်ကြေးအတိုင်းပေးချေပြီး ခေါ်ယူရတော့မယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

မက်ဆီဟာ အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေပြုလုပ်ဖို့အတွက် ဆေးစစ်မှုပြုလုပ်ခဲ့တာကို သွားရောက်ခဲ့ခြင်းမရှိခဲ့ဘဲ သူ့ရဲ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာ စတင်မယ့် လေ့ကျင့်ခန်းအစီအစဉ်ကိုလည်း မက်ဆီက ပါဝင််မှာမဟုတ်ဘူးလို့ သိရပြီး သူ့ရဲ့အပြောင်းအရွှေ့ကိစ္စဟာ ဥပဒေအရပါ ဆက်နွယ်လာခဲ့ပြီဖြစ်ပြီး တော်တော်လေးဖြေရှင်းယူရတော့မှာလည်းဖြစ်ပါတယ်။


Author


က္က