ကိုးမန်းက သူ့အစီအစဉ်တွေထဲမှာ ဆွာရက်ဇ်မပါဝင်ဘူးလို့ ပြောဆိုထားပြီးသားပါ။
Pyae Phyo Thein

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဂျင်မ်နက်စ်တစ်နဲ့ပွဲကို ပါဝင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။


ဘာစီလိုနာအသင်းတိုက်စစ်မှူးဆွာရက်ဇ်ဟာ လာမယ့်ဘောလုံးရာသီမှာတော့ အသင်းပွဲစဉ်တွေကို ပွဲကြည့်စင်ကနေသာ ကြည့်ရှုနေရဖွယ်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့ ကြိုးစားနေမှုတွေကို ဂျူဗင်တပ်စ်အသင်းဘက်က လျှော့ချလာခဲ့ပြီးနောက် ဆွာရက်ဇ်ဟာ နူးကမ့်မှာ ဆက်လက်ရှိနေဖို့ အခွင့်အလမ်းများသွားခဲ့ပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဆွာရက်ဇ်ကို သူ့ရဲ့စီမံကိန်းတွေထဲမှာ မပါဝင်ဘူးလို့ အတိအလင်းပြောဆိုထားတဲ့ ရော်နယ်ကိုးမန်းကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းအတွက် ကစားပေးခွင့်ရဖို့ အခွင့်အရေးနည်းပါးနေမှာဖြစ်ပါတယ်။ အသင်းပွဲစဉ်တွေကို ထိုင်ကြည့်နေရုံသက်သက်သာရှိနေမှာဖြစ်ပြီးတော့ လူစားဝင်ကစားသမားစာရင်းလောက်နဲ့ပဲ ကျေနပ်ရလိမ့်မယ်လို့လည်း အင်္ဂလန်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဂျင်မ်နက်စ်တစ်နဲ့ပွဲကို ပါဝင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT ကလည်း ဆွာရက်ဇ် နဲ့ ဂျူဗင်တပ်စ်တို့ကြား ဆွေးနွေးနေမှုတွေက အရှိန်လျော့သွားခဲ့ပြီလို့ ဖော်ပြခဲ့ပါသေးတယ်။

ဘာစီလိုနာကတော့ ဆွာရက်ဇ်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကစားသမားနဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်လက်ကျန်တစ်နှစ်ကို ဖျက်သိမ်းဖို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဆွာရက်ဇ်ကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်လက်ကစားချင်နေသေးပြီး စာချုပ်သက်တမ်းကျန်ရှိနေတဲ့ နောက်ဆုံးအချိန်ထိ အသင်းမှာ ဆက်နေချင်တယ်လို့ ဖွင့်ဟထားခဲ့ါတယ်။ 


ဆွာရက်ဇ်ကတော့ နူးကမ့်ကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၂၈၃ ပွဲကစားခဲ့ရာမှာ ၁၉၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားပေါင်း ၁၁ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 


Author


က္က