အသက်အရွယ်ရလာပြီဖြစ်တဲ့ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးလိုနေတာပါ။

ဘာစီလိုနာအသင်းဟာ လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုထက် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်ကိုသာ ခေါ်ယူချင်နေတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ဇန်နဝါရီလမှာ အသက် ၃၃ နှစ်ပြည့်မြောက်တော့မယ့် တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့နေရာမှာ ကာလရှည် အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ် ရှာဖွေနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဖာမီနိုတို့လည်း ပစ်မှတ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လူးဝစ္စဆွာရက်ဇ်ရဲ့နေရာမှာအစားထိုးမယ့် တိုက်စစ်မှူးလောင်း စာရင်းမှာ ကစားသမားများစွာ ထည့်သွင်းထားတယ်လို့ သိရပေမယ့် လီဗာပူးကြယ်ပွင့် ဖာမီနိုကတော့ အသင်းနဲ့ အံဝင်ခွင်ကျဖြစ်လိမ့်မယ်လို့ မယုံကြည်ကြောင်း သိရပါတယ်။

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဖာမီနိုဟာ လီဗာပူးအသင်းမှာ အကောင်းဆုံးပုံစံပြသနေတဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။



ဒါပေမယ့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ဖာမီနိုရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုသာ ပိုမိုခေါ်ယူလိုနေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ယူနိုက်တက်နဲ့ ရက်ရှ်ဖို့ဒ်တို့ ကာလရှည်စာချုပ်သစ် မချုပ်ဆိုမီတုန်းကလည်း ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီနဲ့ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဟယ်ရီကိန်းတို့ကိုလည်း ကျောနံပါတ် ၉ နေရာအတွက် ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးက ထည့်သွင်းထားတယ်လို့ သိရပါတယ်။



က္က