ရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ စီနီယာကစားသမားနဲ့ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဘင်ဖီကာနဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမား ဂျာအိုဖီးလစ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နေးရှင်းလိဂ်ပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၁၉)နှစ်အရွယ် တိုက်စစ်အားသန်ကစားသမားကို ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားနေကြပါတယ်။
ဂျာအိုဖီးလစ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း (၁၂၀) ရရှိမယ်ဆိုပါက ပြန်လည်ရောင်းချသွားမယ်လို့ ဘင်ဖီကာက အတည်ပြုထားပြီး ဂျာအိုဖီးလစ်ဟာ ပေါ်တူဂီက ဆွစ်ဇာလန်ကို (၃-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အဆိုပါပွဲဟာ ဂျာအိုဖီးလစ်အတွက် ပထမဆုံးနိုင်ငံတကာပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာ ဂျာအိုဖီးလစ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုပဲပြောသွားခဲ့ပါတယ်။ "အခုချိနမှာ လက်ရွေးစင်အသင်းအတွက်ပဲ ကျွန်တော်အာရုံစိုက်ထားပါတယ်၊ နေးရှင်းလိဂ်ပွဲတွေ ပြီးဆုံးသွားရင်တော့ ကျွန်တော့်ရဲ့ အနာဂတ်ကို ဖြေရှင်းသွားမှာပါ" လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဂျာအိုဖီးလစ်က ဖြေကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၀)အထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်မှာလည်း ဖရန့်ဖတ်အသင်းဘက်ကို ဟက်ထရစ်သွင်းယူခဲ့ပြီး အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်သူအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပြီး သူ့အပေါ်စိတ်ဝင်စာားနေတဲ့ ကလပ်အသင်းတွေကို ပိုမိုပြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးနေခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ စီနီယာကစားသမားနဲ့ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ပေါ်တူဂီလေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒို နဲ့ ဂျာအိုဖီးလစ်တို့ကို ရင်းရင်းနှီးနှီးတွေ့မြင်ခဲ့ရပြီး ဂျာအိုဖီးလစ်အနေနဲ့ ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။