တော့တင်ဟမ်က ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာပါ။

လိုင်ယွန်အသင်းဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အန်ဒွန်ဘီလီကို ခေါ်ယူလိုတယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ပေါင် ၇၂ သန်း ပေးချေရလိမ့်မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ကြောင်း Sportsmole က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပြီး ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လိုင်ယွန်ဥက္ကဌ ဂျင်းမိုက်ကယ်အောလက်စ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းမရှိကြောင်းနဲ့ အန်ဒွန်ဘီလီအတွက် ပေါင်သန်း ၇၀ထက် ပိုပြီး ပေးချေရမှာဖြစ်ကြောင်း RMC Sport ကို ပြောကြားခဲ့ပါတယ်။

“တကယ်လို့ ကျွန်တော် နောက်ထပ် ၈ ရက်လောက်ဆက်စောင့်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေးက ပေါင် ၇၂ သန်း ဖြစ်ပါလိမ့်မယ်”

“တော့တင်ဟမ်က ယူရို ၄၅ သန်းတန်ကြေးရှိတဲ့ အဖွင့်ကမ်းလှမ်းမှုမျိုး ကျွန်တော်တို့ကို ပြုလုပ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့ ပိုပြီးဆွေးနွေးခဲ့ကြပါတယ်။ ဘာမှတော့ သဘောတူညီမှုရခဲ့တာမျိုးမရှိပါဘူး။ ကျွန်တော် ခင်ဗျားကို အသေအချာပြောနိုင်ပါတယ်။ ကျွန်တော်တို့ အလျင်လိုနေတာမျိုးလည်း မရှိပါဘူး”

“အန်ဒွန်ဘီလီက သူ့ရဲ့အရည်အသွေးတွေကို ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ပြသနိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ သူ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်တန်တယ်ထင်လဲဆိုရင်တော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ယူရို ၄၅ သန်းလောက်တော့ မဟုတ်တာသေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အန်ဒွန်ဘီလီဟာ လိုင်ယွန်အသင်းနဲ့ ၂၀၂၃ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ၄၉ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။



က္က