စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ပွဲမှာလည်း နိုင်ပွဲထပ်မံရရှိခဲ့ပါတယ်။ ဒီဘာလာ နဲ့ မာတွီဒီတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အတွက် အမှတ်ပေးပွဲ (၆) ပွဲ၊ ချန်ပီယံလိဂ် (၁)ပွဲ နဲ့ (၇)ပွဲဆက် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။
Photo : The Sacramento Bee
ဒါဟာ နှစ်ပေါင်း (၈၈)နှစ်အတွင်း ဂျူဗင်တပ်စ်ရဲ့ အကောင်းဆုံးသော ရာသီစတင်မှု ရလာဒ်ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရော်နယ်ဒို ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့်လည်း ပွဲချိန်အစောပိုင်းကတည်းက သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်က နိုင်ပွဲရခဲ့တာပါ။ ဒါကြောင့်လည်း ဂျူဗင်တပ်စ်ဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက နာပိုလီကို (၃)မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ ရှုံးပွဲတွေ့ခဲ့တဲ့ လာလီဂါပွဲစဉ် (၆)
ရော်နယ်ဒို ရောက်ရှိလာပြီးနောက် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံလာရတဲ့ ဂျူဗင်တပ်စ်အတွက် စိတ်ကျေနပ်စရာ ရလာဒ်တွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၈၈)နှစ်အတွင်းတာထွက်အကောင်းဆုံး ရာသီသစ်ကို ဂျူဗင်တပ်စ် ပိုင်ဆိုင်ခဲ့မှုမှာလည်း ရော်နယ်ဒိုက တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သတ်နေခဲ့ပါတယ်။
Photo : Juventus.com
ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမှာထက် ရော်နယ်ဒိုကြောင့် အသင်းရဲ့ ချိန်ခွင်လျှာ ပြောင်းလဲလာခဲ့ပြီး စိတ်ဓာတ်ပိုင်း၊ လုပ်အားနှုန်းပိုင်းမှာပါ သိသိသာသာ ပြောင်းလဲလာတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၃)ရာသီဆက်တိုက်လည်း ဂျူဗင်တပ်စ်ဟာ ရာသီအစ (၆)ပွဲဆက် နိုင်ပွဲရခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ပွဲရလာဒ်ကြောင့်ပါ (၇)ပွဲဆက် နိုင်ပွဲ ဖြစ်ခဲ့တာပါ။
Photo : Virgilio Sport
ရော်နယ်ဒိုအနေနဲ့လည်း အသင်းသစ်နဲ့အတူ ရှုံးပွဲမကြုံတွေ့ရသေးပဲ နိုင်ပွဲဆက်နေခဲ့ပါပြီ။ ချန်ပီယံလိဂ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် အသင်းရဲ့ နိုင်ပွဲတွေက ရော်နယ်ဒိုအတွက် စိတ်သက်သာစရာ ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အတွက် စီးရီးအေသွင်းဂိုး (၃)ဂိုးအထိ ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။