လီဗာပူးလ်တိုက်စစ်မှူး မာနေးကိုခေါ်ယူနိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား အဆန်စီရိုနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ ASသတင်းဌာနကဖော်ပြထားပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို ဂျုဗင်တပ်ကိုပြောင်းရွှေ့ပြီးကတည်းက အစားထိုးဖို့အတွက် အသည်းအသန်ရှာဖွေနေပြီး လီဗာပူးလ်တိုက်စစ်မှူး မာနေးကို မျက်စိကျနေပါတယ်။ လီဗာပူးလ်ဟာ မာနေးကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းပစ်မှတ်ထားချိန်ရွယ်နေပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းဖို့စီစဉ်ထားပါတယ်။ လက်ရှိအချိန်မှာ မာနေးအတွက် အဆန်စီရိုကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။
အသက်၂၆နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲမှာ ဂိုး၂၀သွင်းယူပေးထားနိုင်ပြီး ဖန်တီးမှုအများအပြားလည်းပြုလုပ်ပေးထားနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ တစ်ကျော့ပြန်နည်းပြ ဇီဒန်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို လာမယ့်ရာသီမှာအပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး ဦးစားပေးပစ်မှတ်အဖြစ် မာနေးကို စိတ်ဝင်စားနေတာပါ။ လီဗာပူးလ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုထဲမှာ ကစားသမားတစ်ဦးအလိုက်ပေးဖို့တောင်းဆိုနိုင်ဖွယ်ရှိတာကြောင့် အဆန်စီရိုကို အလိုက်ပေးဖို့ ကြိုစီစဉ်ထားတာလို့ AS ကဖော်ပြထားပါတယ်။
လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ စပိန်လက်ရွေးစင်တောင်ပံကစားသမား အဆန်စီရိုကို ကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး မာနေးနဲ့အလိုက်ပေးကမ်းလှမ်းမယ်ဆိုရင် လက်ခံနိုင်ဖွယ်ရှိနေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ကတော့ မာနေးအတွက်ကမ်းလှမ်းမှုကို မေလအတွင်းစတင်ဖွယ်ရှိပြီး လီဗာပူးလ်နဲ့ဆွေးနွေးမယ်လို့လည်း AS ကဖော်ပြပါတယ်။ အဆန်စီရိုဟာ ဒီရာသီ ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၃၆ပွဲမှာ ၆ဂိုးသွင်းပြီး ၅ကြိမ်ဖန်တီးထားနိုင်ပေမယ့် နည်းပြ ဆိုလာရီလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူပါ။