ဒီဂီယာဟာ (၃)ပွဲဆက် အရန်ခုံမှာပဲ ရှိနေခဲ့တာပါ။

ဒီဂီယာဟာ စပိန်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး (၃)ပွဲကို ပါဝင်ကစားခွင့်မရရှိခဲ့ပဲ ကီပါက ဦးစားပေးဂိုးသမားအဖြစ်ရှိနေခဲ့တာ ဖြစ်ပါတယ်။


စပိန်အသင်းရဲ့ဂိုးသမားတစ်ဦးဖြစ်တဲ့ ကီပါက ယူရို၂၀၂၀ ခြေစစ်ပွဲအဖြစ် ဆွီဒင်နဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ခုံကနေသာ ကြည့်ရှုခဲ့ရတဲ့ အသင်းဖော်ဂိုးသမား ဒီဂီယာရဲ့ ခံစားချက်ကို နားလည်မိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီဂီယာဟာ စပိန်လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး (၃)ပွဲကို ပါဝင်ကစားခွင့်မရရှိခဲ့ပဲ ကီပါက ဦးစားပေးဂိုးသမားအဖြစ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့မိပြီးနောက် ဒီဂီယာအတွက် ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရတာလည်း ဖြစ်ပါတယ်။ ကလပ်အသင်းနဲ့ အနာဂတ်မသေမချာဖြစ်နေသလို လက်ရွေးစင်အသင်းမှာလည်း အရန်ဂိုးသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိနေခဲ့တဲ့ ဒီဂီယာနဲ့ပတ်သက်ပြီး ကီပါက ပွဲအပြီးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ပြောသွားခဲ့ပါတယ်။

"ကလပ်အသင်းမှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံတွေကို ထိန်းသိမ်းနိုင်ခဲ့လို့ နည်းပြရဲ့ ယုံကြည်မှုကို ရရှိခဲ့တာပါ၊ ဘယ်သူပဲကစားသမား အကောင်းဆုံးကစားနိုင်မှာပါ၊ ဒေးဗစ်ဝမ်းနည်းနေမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်တို့အားလုံးက အတူတူလေ့ကျင့်ခဲ့ကြပြီး နည်းပြက ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ၊ ဒီအတွက် အကောင်းဆုံးတုံ့ပြန်ပြနိုင်ဖို့ လိုအပ်ပါတယ်"

"ဒေးဗစ်နဲ့ကျွန်တော့်ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးတွေ ရှိပါတယ်၊ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ အတူတူလေ့ကျင့်ခဲ့ကြပါတယ်၊ လိုပက်ဇ်လည်း ပါဝင်ပါတယ်၊ နှစ်ပေါင်းများစွာ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ကူညီဖို့အတွက် ပြောနေစရာတောင်မလိုပါဘူး၊ အသင်းအတွက် ဂိုးသမား (၃)ဦးရွေးချယ်ခဲ့ပြီး ကျွန်တော့်ကို ကစားခွင့်ပေးတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ ကျွန်တော်ကြိုးစားသွားမှာပါ" လို့ ကီပါက ပြောသွားခဲ့ပါတယ်။

ဒီဂီယာကတော့ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပြင်သစ်ကလပ်ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ဒီဂီယာဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုထားလို့ ယူနိုက်တက်က ပြန်လည်ရောင်းချသွားဖို့ စဉ်းစားနေတယ်လို့လည်း Sportskeeda က ဖော်ပြခဲ့ပါတယ်။



က္က