မနေ့ညက စပိန်လာလီဂါပွဲစဉ်တွေကို ပြန်လည်ကစားခဲ့ရမှာ ဘာစီလိုနာတို့ နိုင်ပွဲရခဲ့ပြီး ရီးရဲလ်မက်ဒရစ် နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ ဘာစီလိုနာကတော့ အမှတ်ပေးဇယားကို (၅)မှတ်ဖြတ် ဦးဆောင်လိုက်ပြီး ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ရီးရဲလ်ဆိုဆီဒက်ကို အရှုံးပေးခဲ့ရပါတယ်။ ပွဲအစ (၃)မိနစ်မှာကတည်းက ပယ်နယ်တီကတဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး (၈၃)မိနစ်မှာ နောက်ထပ်တစ်ဂိုး အသွင်းခံခဲ့ရပါတယ်။ ဝီလျံဂျို့စ် နဲ့ ရူဘန်ပါဒိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ရီးရဲလ်တို့ နှစ်သိမ့်ဂိုးတောင် မရရှိခဲ့ပါဘူး။
ကမ္ဘာ့ကလပ်ဖလားကို ရယူပြီးနောက်ပိုင်း ကစားခဲ့တဲ့ (၂)ပွဲလုံးမှာ ရီးရဲလ်တို့ နိုင်ပွဲပျောက်ခဲ့ရပြီး ဘာစီလိုနာနဲ့ (၁၀)မှတ်အထိ ကွာဟသွားခဲ့သလို အမှတ်ပေးဇယား အဆင့် (၅)နေရာကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။ ရီးရဲလ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပြီး အလာဗက်စ်၊ ဆီဗီလာ၊ အေတီကိုတို့နဲ့ အပြိုင်ကြိုးစားရတော့မှာပါ။
ဘာစီလိုနာကတော့ အဝေးကွင်းမှာ ဂီတာဖေးကို မက်ဆီ၊ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၂၀)မှာ မက်ဆီ၊ (၃၉)မိနစ်မျာ ဆွာရက်ဇ်တို့က ဂိုးတွေသွင်းခဲ့ပြီး ဂီတာဖေးဘက်က ဂျင်မီမာတာ (၄၃)မိနစ်မှာ ချေပဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ ဘာစီလိုနာ အနိုင်ရရှိခဲ့ပြီး ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
အဓိကပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ် ရလာဒ်တွေ ဆိုးရွားပြီး ခြေစွမ်းမတည်မငြိမ်ဖြစ်နေချိန်မှာ ဘာစီလိုနာက နိုင်ပွဲတွေ ရယူပြီး အခြေအနေကောင်းနေခဲ့ပါတယ်။ ဒုတိယနေရာက အက်သလက်တီကိုကလည်း အဝေးကွင်းမှာ ဆီဗီလာကို သရေသာ ကစားနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ အမှတ်ပြတ်သထက် ပြတ်သွားခဲ့ပါတယ်။ ဆီဗီလာအတွက် ဘင်ယက်ဒါက ဦးဆောင်ဂိုးသွင်းခဲ့ပြီး (၄၅)မိနစ်မှာ ဂရစ်မန်းဇ်က ပြန်လည်ချေပခဲ့ပါတယ်။