စာချုပ်သက်တမ်းကုန်ရင် ထွက်ခွာဖို့ စဉ်းစားလာတာဖြစ်ပါတယ်။
Pyae Phyo Thein

လက်ရှိဘောလုံးရာသီမှာ ဘာစီလိုနာရဲ့ အပြောင်းအလဲတွေနဲ့ ရလဒ်တွေကျဆင်းလာမှု၊ နည်းပြဆက်တီယန်နဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီးနောက် မက်ဆီက အသင်းကထွက်ခွာဖို့ တွေးတောလာခဲ့ပြီဖြစ်ပါတယ်။


ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ နူးကမ့်ကိုစွန့်ခွာဖို့အတွက် လီယွန်နယ်မက်ဆီက စဉ်းစားနေပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရဆိုရင် ၂၀၂၁ခုနှစ်မှာ မက်ဆီနဲ့ ဘာစီလိုနာတို့က စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ကို မက်ဆီဘက်က မချုပ်ဆိုချင်တော့ဘူးလို့ သိရတာဖြစ်ပါတယ်။ 

လက်ရှိဘောလုံးရာသီမှာ ဘာစီလိုနာရဲ့ အပြောင်းအလဲတွေနဲ့ ရလဒ်တွေကျဆင်းလာမှု၊ နည်းပြဆက်တီယန်နဲ့ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီးနောက် မက်ဆီက အသင်းကထွက်ခွာဖို့ တွေးတောလာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဘဝ ဂိုးပေါင်း ၇၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အာဂျင်တိးနားကြယ်ပွင့်ဟာ အသင်းဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်လည်း စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။ 

အမှတ်ပေးဖလားအတွက် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင်ဖြစ်နေချိန်မှာ သရေပွဲတွေဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာဟာ ရမှတ်လေးမှတ်အထိ ဖြတ်တောက်ခံလိုက်ရပြီလည်းဖြစ်ပါတယ်။ ဒီအတွက် လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မလွယ်ကူတော့တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ လက်ကျန်ငါးပွဲသာကျန်တော့လို့ အခွင့်အရေးနည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ 

ဂရစ်မန်းကို ခေါ်ယူခဲ့မှု၊ ဆက်တီယန်ရဲ့နည်းစနစ်တွေနဲ့ အဆင်မပြေမှုတွေလည်း ရှိနေခဲ့ကာ မက်ဆီက အသင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တယ်လို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအတွက် စာချုပ်သစ်ကိစ္စကို ဆွေးနွေးနေတယ်လို့ဆိုခဲေ့ပမယ့် လက်ရှိမှာတော့ အသင်းကထွက်ခွာဖို့ကိုသာ မက်ဆီက စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးကို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ နဲ့ ငယ်ဘဝကလပ် နယူးဝဲလ်တို့က စိတ်ဝင်စားနေပါတယ်။ မက်ဆီအနေနဲ့လည်း သူ့ရဲ့ကစားသမားဘဝကို အမေရိက ဒါမှမဟုတ် မွေးရပ်မြေမှာပဲ အဆုံးသတ်မှာဖြစ်လို့ ဘာစီလိုနာကနေ နောက်တစ်နှစ်အပြီးမှာ အမှန်တကယ်ထွက်ခွာမလားစောင့်ကြည့်ရတော့မှာပါ။ 


Author


က္က