ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ နေမာက ပြောကြားခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးပြီလို့သိရပြီး ယခုနွေရာသီမှာ နေမာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းထက် လက်ဦးမှုရယူဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက နေမာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၃၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂါရတ်ဘေးလ်ရော၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုပါ အလိုက်ပေးသွားမယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ နေမာကိုလည်း တစ်ပတ်လုပ်ခအနေနဲ့ ပေါင် ၅ သိန်း၁ သောင်းအထိ ပေးချေလိုနေတယ်လို့ သိရပါတယ်။



ဘာစီလိုနာအသင်းက ပြန်လည်ခေါ်ယူလိုနေတဲ့ နေမာကို ရီးရဲမက်ဒရစ်အသင်းက ကြားဖြတ်ခေါ်ယူဖို့ မျှော်လင့်နေတာဖြစ်ပြီး နေမာကတော့ ၎င်းရဲ့အိမ်လို့ ဝန်ခံထားတဲ့ နူးကမ့်ကိုသာ ပိုမိုပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ငွေကြေးပမာဏကြီးကြီးမားမားသုံးစွဲပြီး ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားတဲ့အသင်းဖြစ်ပြီး နေမာကစားတဲ့နေရာမှာကစားတဲ့ ချယ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ကိုလည်း ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဇီဒန်းနဲ့ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်တို့ ၂ ဦးစလုံးဟာ နေမာကို ခေါ်ယူလိုက်တာဟာ အသင်းအတွက် အကျိုးအမြတ်ရှိလိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ နေမာကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းဟာ ဂျာစီရောင်းအားတိုးမြှင့်နိုင်မှာဖြစ်ပြီး အပတ်တိုင်း ဘာနေဗျူးကွင်းမှာ ပရိသတ်တွေ ပြည့်လျှံစေလိမ့်မယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ နေမာကို အလွန်နှစ်သက်သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက နေမာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ ဆန်းတို့စ်အသင်းမှာရှိစဉ်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။ နေမာဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းကို အသိပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ၎င်းရဲ့အိမ်ဖြစ်တဲ့ နူးကမ့်ကို ပြန်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail က ယမန်နေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။



က္က