ဘာစီလိုနာဟာ အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ပေါင် (၆၅)သန်းနဲ့ ဇန်နဝါရီလအတွင်းက ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိရာသီကုန်အထိ အေဂျက်ဇ်ကို ပြန်လည်အငှားချခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်ကြယ်ပွင့်ကစားသမား ဒီလစ်ကို အထူးသတ်မှတ်ပေးတဲ့ လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံကစားသမားဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် ထင်ပေါ်လာခဲ့ပြိးနောက်မှာ
အေဂျက်ဇ်အသင်းဖော် ဖရန်ကီဒီဂျောင်ရဲ့ နောက်ကို လိုက်ပါသွားတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ နယ်သာလန်သတင်းဟာ De Telegraaf က ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါသတင်းစာရဲ့ အားကစားသတင်းထောက်ချုပ် ဗယ်လင်တိုင်းဒရိုင်ဆန်က ဒီလစ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောဆိုမှုကို ကိုးကားပြီး The Sun က ပြန်လည်ဖော်ပြခဲ့မှုလည်း ရှိခဲ့ပါတယ်။
"ဒီလစ်ကို ရောင်းချဖို့အတွက် အေဂျက်ဇ်ဘက်က ဘာစီလိုနာဆီကနေ အပိုငွေကြေးတောင်းဆိုတာမျိုးမရှီပါဘူး၊ တခြားကလပ်အသင်းတွေနဲ့ မတူတဲ့ ပုံစံနဲ့ပါ" လို့ ဒရိုင်ဆန်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ် နဲ့ မန်ချက်စတာစီးတီးတို့ကလည်း ဒီလစ်ကို စိတ်ဝင်စားနေတာဖြစ်ပြီး အေဂျက်ဇ်နဲ့ ဆက်ဆံရေးကောင်းတွေပိုရှိတဲ့ ဘာစီလိုနာက လက်ဦးမှုရယူဖို့ အနီးစပ်ဆုံးဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ အေဂျက်ဇ်ကွင်းလယ်လူ ဒီဂျောင်ကို ပေါင် (၆၅)သန်းနဲ့ ဇန်နဝါရီလအတွင်းက ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိရာသီကုန်အထိ အေဂျက်ဇ်ကို ပြန်လည်အငှားချခဲ့ပါတယ်။ လာမယ့်နွေရာသီမှာမှ ဒီဂျောင်က ဘာစီလိုနာကို ရောက်ရှိမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက လူငယ်ကစားသမားတွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း ဒီလစ်ကို ထပ်မံချိတ်ဆက်မှုတွေ ရှိနေခဲ့တာပါ။ ဒီလစ်သာ ရောက်ရှိခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာနောက်ခံလူ အမ်တီတီက နေရာပျောက်သွားဖွယ်ရှိနေပြီး အသက်(၂၅)နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသလို ဒဏ်ရာပြသနာတွေနဲ့လည်း ရင်ဆိုင်နေရလို့ ဘာစီလိုနာကလည်း ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။