ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ စကားပြောဆိုခဲ့ခြင်းမရှိကြောင်း ပေ့ါဂ်ဘာရဲ့အစ်ကို မားသီးယပ်စ်ပေါ့ဂ်ဘာရဲ့ ပြောကြားချက်အရ သိရပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် မက်ဆီကို စကားပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Foxsportsasia က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကလည်း ပေါ့ဂ်ဘာကို အလွန်နှစ်သက်ကြောင်း ဝန်ခံပြောကြားထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲမက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဟာဇက်၊ လူကာဂျိုဗစ် စတဲ့ကစားသမားတွေကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးဖြစ်တာကြောင့် ပေါ့ဂ်ဘာအတွက် ယူနိုက်တက်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၁၅၀ ကို ပေးချေနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အစ်ကိုဖြစ်တဲ့ မားသီးယပ်စ်ပေါ့ဂ်ဘာက El Chiringuito TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပေါ့ဂ်ဘာ စကားပြောခဲ့ဖူးတဲ့ ကစားသမားနာမည်အချို့ကို ပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ စကားမပြောခဲ့ဖူးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ ကစားသမားအချို့နဲ့ စကားပြောခဲ့တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရာမို့စ်တော့ မဟုတ်ပါဘူး”

“ဘယ်သူလဲဆိုတော့ အင်း မက်ဆီပါ။ ဟုတ်ပါတယ်။ တစ်ခါတရံမှပါ၊ အမြဲတမ်းတော့မဟုတ်ပါဘူး”

“ဇလာတန်လည်းပါတယ်။ ဂရစ်ဇ်မန်းလည်းပါတယ်။ လက်ရွေးစင်အသင်းမှာ အတူကစားနေတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

Daily Mail ရဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာအနေနဲ့ မက်ဆီနဲ့ စကားပြောဆိုခဲ့တာက လာမယ့်နွေရာသီမှာ နူးကမ့်ကို ပြောင်းရွှေ့ဖို့နဲ့ ဆက်စပ်တဲ့ကိစ္စကို ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာရဲ့ အစ်ကိုမားသီးယပ်စ်ပေါ့ဂ်ဘာက ရီးရဲမက်ဒရစ်အသင်းရဲ့ကိုယ်စားလှယ်တွေဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေတဆင့် ပေါ့ဂ်ဘာကို ဆက်သွယ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း သိရပါတယ်။



က္က