အသင်းကထွက်ဖို့ကြိုးစားခဲ့ပေမယ့် ဘာမှမပြောင်းလဲသေးဘူးလို့ ဆိုခဲ့တာပါ။
Pyae Phyo Thein

ဘာစီလိုနာမှာ ဆက်ရှိနေမယ်လို့ အတည်ပြုပြောဆိုခဲ့ပြီးဖြစ်တဲ့ မက်ဆီက Goal နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ အခုလိုအခြေအနေတွေဖြစ်ခဲ့ပေမယ့်လည်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းနဲ့ပဲ ကစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဘာစီလိုနာအပေါ်ထားရှိတဲ့ ချစ်မြတ်နိုးမှုကလည်း မပြောင်းလဲဘူးလို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ လာမယ့်ရာသီကို အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ပြောဆိုခဲ့ပြီး အသင်းကထွက်ခွာတော့မယ့် သတင်းတွေကို အဆုံးသတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ်လည်း အသင်းကထွက်ခွာဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ မက်ဆီက ဝန်ခံခဲ့ကာ ဆက်ရှိနေမယ့်ကာလမှာ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေက ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

"ဘာကာမှာ ကျွန်တော်ဆက်ရှိနေပါလိမ့်မယ်၊ အသင်းကကျွန်တော်ဘယ်လောက်ပဲထွက်ခွာချင်ခဲ့တယ်ပြောပြော ကျွန်တော့စိတ်ဓာတ်၊ အမူအကျင့်ကတော့ ဘာတွေပဲဖြစ်ဖြစ်မပြောင်းလဲပါဘူး၊ အကောင်းဆုံးပုံစံနဲ့ပဲ ကစားသွားမှာပါ၊ ကျွန်တော်ကအမြဲအနိုင်ပဲလိုချင်တယ်၊ ရှုံးနိမ့်ရတာကိုမနှစ်သက်ဘူး၊ အသင်းအတွက်၊ အဝတ်လဲခန်းအတွက်၊ ကျွန်တော့်အတွက် အကောင်းဆုံးပဲဖြစ်စေချင်ခဲ့တာပါ" လို့ မက်ဆီက ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့အိမ်လို့ ခေါ်ဝေါ်ခဲ့တဲ့ ကလပ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့မှုကလည်း သူ့ကိုနာကျင်စေခဲ့တယ်လို့ မက်ဆီက ဝန်ခံခဲ့ပါတယ်။ "ကျွန်တော်တစ်ယောက်တည်း ဒီလိုခံစားရတာမဟုတ်ပါဘူး၊ တစ်ဦးတည်းမဟုတ်ပါဘူး၊ ကျွန်တော့်နားမှာ အချိန်တိုင်းရှိနေသူတွေရောပါ၊ ဒါက ကျွန်တော့်အတွက်လုံလောက်သလို ခွန်အားလည်းဖြစ်စေပါတယ်"

"ဒါပေမယ့်လည်း ဂျာနယ်လစ်တွေဆီက ကျွန်တော်ကြားရတာတွေကတော့ တကယ်နာကျင်ရပါတယ်၊ ဘာစီလိုနာကို ကျွန်တော်ပြောခဲ့သလို စကားမတည်ဘူးလို့ ပြောနေကြတာတွေပါ၊ ကျွန်တော်က ဒီလိုအပြောခံရဖို့ မထိုက်တန်ဘူးလို့ ထင်ပါတယ်၊ ဒါက လူတွေအပေါ်အမှန်အတိုင်း မြင်ရဖို့တော့ အကူအညီဖြစ်ခဲ့ပါတယ်၊ ဘောလုံးလောကက အရမ်းခက်ခဲပါတယ်"


"အတုအယောင်လူတွေလည်းအများကြီးပါ၊ အခုဖြစ်ခဲ့တာတွေက ဒီလိုအတုအယောင်လူတွေအများကြီးရှိပြီး ဘယ်သူတွေလဲဆိုတာ ကျွန်တော်သိအောင်ကူညီပေးခဲ့ပါတယ်၊ ကျွန်တော်ချစ်မြတ်နိုးရတဲ့အသင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရတိုင်း နာကျင်ရပါတယ်၊ ကျွန်တော်ဆက်နေသည်ဖြစ်စေ၊ထွက်သွားသည်ဖြစ်စေ၊ ဘာစီလိုနာအပေါ် ကျွန်တော်ချစ်မြတ်နိုးတာတွေက ဘယ်တော့မှမပြောင်းလဲပါဘူး" လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က