ဘာစီလိုနာဂန္တဝင်ကစားသမား ပူယိုးလ်က ဘာစီလိုုနာအသင်းအနေနဲ့ နေမာနဲ့ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို လျစ်လျူရှုပြီး ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမာဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက နေမာကို သင့်တော်တဲ့ဈေးနှုန်းရရှိမယ်ဆိုရင် ရောင်းချသွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် နေမာဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဘာစီလိုနာအသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် နူးကမ့်ကို ပြန်လာချင်နေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနဲ့ ဆုုဖလားပေါင်း ၁၈ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ပူယိုးလ်က အတိတ်ကအဖြစ်အပျက်တွေဟာ လာလီဂါချန်ပီယံဘာစီလိုနာအသင်းရဲ့ဆုံးဖြတ်ချက်ကို အကျိုးသက်ရောက်မှုမရှိသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ၂ ရာသီသာ ကစားပေးရသေးသူဖြစ်ပြီး ၂ ရာသီစလုံးမှာ ဒဏ်ရာကြောင့် အဓိကပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပူယိုးလ်က နေမာဟာ ဘာစီလိုနာအသင်းအတွက် များပြားတဲ့အရာတွေကို ပို့ဆောင်ပေးနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။