မက်ဆီရဲ့ ငယ်ဘဝကလပ်ဖြစ်ပါတယ်။
Pyae Phyo Thein

မက်ဆီဟာ အသက် ၆ နှစ်အရွယ်မှာ နယူးဝဲလ်ကို ရောက်ရှိခဲ့ပြီး လူငယ်အသင်းသားဘဝမှာ ဂိုးပေါင်း ၅၀၀ ကျော်သွင်းယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ သူ့ရဲ့ကစားသမားဘဝစတင်ခဲ့ရာ အာဂျင်တီးနားကလပ်နယူးဝဲလ်အိုးဘွိုင်းလ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိတယ်လို့ အာဂျင်တီးနားကလပ်ရဲ့ ဒု-ဥက္ကဌဖြစ်သူက ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ အသက် ၆ နှစ်အရွယ်မှာ နယူးဝဲလ်ကို ရောက်ရှိခဲ့ပြီး လူငယ်အသင်းသားဘဝမှာ ဂိုးပေါင်း ၅၀၀ ကျော်သွင်းယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် အသက် ၁၄နှစ်အရွယ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီး စပိန်ထိပ်သီးကလပ်ရဲ့ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ပွဲမှာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်စေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာကနေ ဘောလုံးရာသီတစ်ရာသီကုန်ဆုံးတိုင်းမှာ ထွက်ခွာခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းနည်းပြဆက်တီယန်နဲ့ အဆင်မပြေမှုတွေဖြစ်ပွားနေပေမယ့်လည်း အသင်းကထွက်ခွာမယ်လို့တော့ တရားဝင်ပြောဆိုမှုမရှိသေးသလို စာချုပ်သစ်ကိစ္စကို ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။ 

နယူးဝဲလ်အသင်း ဒုဥက္ကဌ ခရစ္စတီယန်ဒီအာမီကိုကတော့ မက်ဆီအသင်းကိုရောက်လာမယ့်နေ့ရှိလာမယ်လို့ မျှော်လင့်နေပြီး ကစားသမားဘဝကို ငယ်ဘဝကလပ်မှာ အဆုံးသတ်မယ်လို့လည်း ယုံကြည်နေပါတယ်။ "ဒါက မဖြစ်နိုင်ဘူးလားဆိုတာကိုလည်း ကျွန်တော်မသိပါဘူး၊ သူ့မိသားစုနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ၊ မာရာဒိုနာလည်း အသင်းကိုပြန်လာကစားခဲ့ဖူးပြီး မက်ဆီလည်း ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာကတော့ လက်ရှိမှာ ရလဒ်တွေကျဆင်းနေပြီး အမှတ်ပေးဖလားအတွက် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်အဆိုင်ဖြစ်နေပြီး အဆင့် ၂နေရာမှာ ရှိနေပါတယ်။ နည်းပြဆက်တီယန်နဲ့ ပတ်သက်ပြီး မက်ဆီဘက်က မကျေနပ်မှုတွေရှိနေတယ်လို့လည်း သိရကာ အဆိုပါအခြေအနေတွေက သူ့ကို နူးကမ့်ကနေ အမြန်ဆုံးထွက်ခွာသွားစေနိုင်မှာလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


Author


က္က