ခရိုအေးရှားအသင်းဟာ လာမယ့်ရာသီမှာ ဝတ်ဆင်မယ့် အပြာနဲ့ကြက်သွေးရောင်ဘလော့တုံးတွေပုံဖော်ထားတဲ့ ဘာစီလိုနာအသင်းဝတ်စုံအသစ်ဟာ ၎င်းတို့ရဲ့ ဝတ်စုံဒီဇိုင်းနဲ့ ဆင်တူနေတဲ့အတွက် ၎င်းတို့ရဲ့တွစ်တာအကောင့်ကနေတဆင့် လှောင်ပြောင်ခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် ၂၀၁၉-၂၀၂၀ ရာသီမှာ ဝတ်ဆင်မယ့် ဝတ်စုံသစ်ကို တရားဝင်မိတ်ဆက်ပြသလိုက်တာဖြစ်ပြီး အသင်းသမိုင်းတလျှောက် အပြာနဲ့အနီရောင်ဒေါင်လိုက်အစင်းကြောင်းတွေ မပါဝင်တဲ့ ဒုတိယမြောက်ဝတ်စုံဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ဝတ်စုံသစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းဝတ်စုံနဲ့ ခပ်ဆင်ဆင်တူနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ခရိုအေးရှားအသင်းရဲ့တရားဝင်တွစ်တာအကောင့်က ဘာစီလိုနာဝတ်စုံသစ်ကို တော်တော်လေးကြိုးစားထားတာပဲဆိုတဲ့စာသားနဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ဝတ်စုံသစ်ဒီဇိုင်းကြောင့် ပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပြီး အချို့ပရိသတ်တွေဟာ ဒေါင်လိုက်အစင်းကြောင်းတွေ မပါဝင်ခဲ့တာကြောင့် အလွန်အမင်းဒေါသထွက်နေကြပါတယ်။
ဘာစီလိုနာအသင်းဝတ်စုံမှာ ယခုလိုမျိုး ဒေါင်လိုက်အစင်းကြောင်းတွေကို ချန်လှပ်ခဲ့တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၅ ခုနှစ်တုန်းကလည်း အစင်းကြောင်းတွေကို ဒေါင်လိုက်အစား ရေပြင်ညီပုံစံမျိုးနဲ့ ဖန်တီးခဲ့တဲ့အတွက် အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့ပါသေးတယ်။
ခရိုအေးရှားအသင်းတွစ်တာအကောင့်ဟာ ဘာစီလိုနာအသင်းရဲ့ ၂၀၁၉-၂၀၂၀ ရာသီအတွက် ဝတ်စုံသစ်ကို ထုတ်ဖော်ပြသခဲ့ပြီးနောက်မှာ ဟာသဖောက်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
“တော်တော်လေးကြိုးစားထားတာပဲ ဘာစီလိုနာ။ ဒါပေမယ့် ခင်ဗျား အနီနဲ့အဖြူ ကျားကွက်ကို အနိုင်မယူနိုင်ပါဘူး”ဆိုတဲ့စာသားနဲ့အတူ ဘာစီလိုနာအသင်းဝတ်စုံသစ်နဲ့ ခရိုအေးရှားဝတ်စုံကို တွဲလျက်တင်ခဲ့တာဖြစ်ပါတယ်။