မာလာဂါမှာ ဘောကောက်အဖြစ် လုပ်ခဲ့ရဖူးတာပါ။
Pyae Phyo Thein

ဒီယက်ဇ်ကတော့ မန်စီးတီးကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင် (၁၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ မာလာဂါလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဒီယက်ဇ်ဟာ မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့် မရရှိခဲ့တဲ့နောက်မှာ အီတီဟတ်စ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာနေဗျူးကို အရောက်ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။



ခြေစွမ်းခြေစ ထက်မြက်ပေမယ့်လည်း မန်စီးတီးရဲ့ အရည်အသွေးမြင့်ကစားသမားတွေကြောင့် ပုံမှန်ပွဲကစားခွင့် ဆုံးရှုံးခဲ့ရတဲ့ ဒီယက်ဇ်ဟာ အီတီဟတ်စ်မှာ (၃)နှစ်တာ ကျင်လည်ခဲ့ပြီး စုစုပေါင်း (၁၅)ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ဒီယက်ဇ်က သူ့ရဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတစ်ပုံ တင်ထားခဲ့ပါတယ်။

မာလာဂါအသင်းမှာ ဘောကောက်တစ်ဦးအဖြစ် ရှိနေခဲ့စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံမှာ ထိုစဉ်က မာလာဂါကစားသမားတွေဖြစ်တဲ့ အစ္စကို နဲ့ ဆန်တီကာဇိုလာတို့ အောင်ပွဲခံပျော်ရွှင်နေချိန်မှာ ဒီယက်ဇ်က ဘောလုံးပိုက်ထားပြီး ကြည့်နေတဲ့ ပုံဖြစ်ပါတယ်။ အခုဆိုရင် ဒီယက်ဇ်က အစ္စကိုရဲ့ ကစားမှုကို စောင့်ကြည့်ခဲ့ရတဲ့ အခြေအနေကနေ အသင်းဖော်တွေအဖြစ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ရီးရဲလ်က ဒီကစားသမားအတွက် စာချုပ်ချုပ်ခဲ့စဉ်မှာ လျော်ကြေးအဖြစ် ယူရိုသန်း (၇၅၀)အထိ သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ အသက် (၁၉)နှစ်သာ ရှိသေးတဲ့ ကစားသမားရဲ့ ခြေစွမ်းအပေါ် ရီးရဲလ်မက်ဒရစ်ရဲ့ ယုံကြည်မှုကို ပြသခဲ့တာဖြစ်ပြီး ဒီတန်ဖိုးဟာ အစ္စကို၊ အဆန်စီယိုတို့နဲ့ ရီးရဲလ်တို့ကြား သဘောတူညီထားတဲ့ စာချုပ်လျော်ကြေးထက် တန်ဖိုးပိုများတယ်လို့လည်း သိရပါတယ်။

"ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တုန်းက မက်ဒရစ်၊ မက်ဒရစ်၊ မက်ဒရစ်ဆိုပြီးတော့ပဲ ရွေးချယ်စရာ ရှိခဲ့ပါတယ်၊ တကယ်ကို ရိုးရှင်းပါတယ်၊ မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းပါ" လို့ ရီးရဲလ်မှာ ကျောနံပါတ် (၂၁)ဂျာစီ ဝတ်ဆင်ခွင့်ရရှိမယ့် ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။ တစ်ချိန်တုန်းက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အစ္စကိုရဲ့ ကစားနေခဲ့မှုကို ငေးမောနေခဲ့ရတဲ့ ချာတိတ်လေးတစ်ယောက်ဟာ အခုုဆိုရင်တော့ အစ္စကိုနဲ့ အသင်းဖော်တွေဘဝကို ရောက်ရှိလာခဲ့တဲအထိ သူ့ကိုယ်သူ မြှင့်တင်နိုင်ခဲ့ပါပြီ။

လူငယ်ကစားသမားတွေအတွက်တော့ ဒီယက်ဇ်ရဲ့ ကြိုးစားမှုက အတုယူစရာ ဖြစ်လာမှာလည်း မလွဲမသွေပါပဲ။ ရီးရဲလ်မက်ဒရစ်ရဲ့ ယုံကြည်စွာ ခေါ်ယူမှုကို ရရှိခဲ့တဲ့နောက်မှာ ဒီယက်ဇ်အနေနဲ့ ဘာနေဗျူးကောင်းကင်မှာ လင်းလက်နေတဲ့ ကြယ်တစ်ပွင့်ဖြစ်လာဖို့ အားထုတ်ရတော့မှာ ဖြစ်ပြီး ဂလက်တီကို ကြယ်စင်စုတွေထဲက ကြယ်တစ်ပွင့် ဖြစ်လာနိုင်မယ့် အနေအထားမှာလည်း ရှိနေခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က