ရှေးဟောင်းအမွေအနှစ်အဖွဲ့က မီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။
Pyae Phyo Thein

အီတလီနိုင်ငံ၊ မီလန်မြို့က နာမည်ကျော်ဆန်စီရိုဘောလုံးကွငး်ကြီးကို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် အီတလီအမွေအနှစ်အာဏာပိုင်အဖွဲ့က ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒီအတွက်ကြောင့် အဆိုပါကွင်းကို ဖြိုချသွားတော့မှာဖြစ်ပြီး အသစ်ပြန်လည်တည်ဆောက်တော့မှာလည်း ဖြစ်တယ်လို့ BBC က ဖော်ပြသွားခဲ့ပါတယ်။ 

အဆိုပါကွင်းကတော့ မီလန်မြို့ခံအသင်းကြီးတွေဖြစ်တဲ့ အေစီမီလန် နဲ့ အင်တာမီလန်အသင်းတို့ရဲ့ အိမ်ကွင်းအဖြစ် ပူးတွဲအသုံးပြုနေခဲ့တာဖြစ်ပြီး ၁၉၂၆ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် နှစ်ပေါင်း ၉၄ နှစ်ရှိပြီဖြစ်ကာ ရာပြည့်ကွင်းအဖြစ် သတ်မှတ်ခံရဖို့အတွက် ၆ နှစ်သာ လိုအပ်တော့တဲ့အချိန်မှာ အသစ်ပြန်လည်တည်ဆောက်ဖို့ ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။ 

အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က ခွင့်ပြုမိန့်တောင်းခံခဲ့တာဖြစ်ပြီး ပရိသတ်ခြောက်သောင်းဆန့်ကွင်းအဖြစ် ပြောင်းလဲတည်ဆောက်သွားမှာလည်းဖြစ်ပါတယ်။ အီတလီရှေးဟောင်းအမွေအနှစ်အဖွဲ့အစည်းရဲ့ ခွင့်ပြုမိန့်ဟာ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်မဟုတ်ပေမယ့်လည်း အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် အနီးစပ်ဆုံးခြေလှမ်းတစ်လှမ်းတော့ ဖြစ်လာခဲ့ပါတယ်။ 

အဆိုပါနေရာကို မီလန်မြူနီစီပယ်က ပိုင်ဆိုင်တာဖြစ်ပြီး ဖြိုဖျက်မယ့်အတွက် ဗိသုကာဆိုင်ရာအရေးပါမှုတွေမရှိဘူးလို့ အမွေအနှစ်အဖွဲ့က ယူဆခဲ့ပါတယ်။ နှစ်ပေါင်းများစွာတည်ရှိခဲ့တာကြောင့်လည်း မကြာခဏဆိုသလို ပြုပြင်မွမ်းမံမှုတွေကို ပြုလုပ်ခဲ့ရပြီး လက်ရှိမှာ သက်တမ်းအရင့်ဆုံးအပိုင်းက အနည်းငယ်သာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ 

နေရာအများအပြားကို အစားထိုးသွားဖို့နဲ့ ကွင်းရဲ့တစ်စိတ်တစ်ပို်င်းကို အများပြည်သူတွေအသုံးပြုနိုင်ဖို့အတွက်ပါ ရည်ရွယ်တည်ဆောက်သွားဖို့ ထည့်သွင်းဆွေးနွေးထားကြောင်းလည်း သိရပါတယ်။ မီလန်မြို့အတွက်ရော၊ အီတလီအတွက်ပါ အထင်ကရနေရာတစ်ခုဖြစ်လာစေဖို့အတွက်လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က