ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့က နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နာပိုလီကြယ်ပွင့် ကူလီဘလီကို လူမျိုးရေးခွဲခြားဆက်ဆံခဲ့တဲ့ အင်တာမီလန်ပရိသတ်တွေကို သတိပေးစကားပြောကြားခဲ့ပါတယ်။
ကူလီဘလီဟာ အင်တာမီလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း မိနစ် ၈၀ မှာ ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြားပြသမှုကို လက်ခုပ်တီးပြခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ကွင်းအတွင်းကနေ ထုတ်ပယ်ခံခဲ့သူဖြစ်ပါတယ်။
နာပိုလီနည်းပြ အန်ဆယ်လော့တီက ပွဲကစားနေချိန်အတွင်း ကူလီဘလီကို ရည်ရွယ်ပြီး မျောက်လို့ အော်ဟစ်နေတဲ့အသံကို ကြားခဲ့တာကြောင့် ပွဲကို ရပ်ဆိုင်းပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။
ကူလီဘလီဟာ အင်တာမီလန်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကြောင့် ပွဲကစားနေချိန်အတွင်း အကျိုးသက်ရောက်မှုရှိခဲ့တာ ထင်ရှားခဲ့ပြီး ဂျူဗင်တပ်ကြယ်ပွင့် ရော်နယ်ဒိုက ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ လူ့အဖွဲ့အစည်းအနေနဲ့ ယခုလိုဖြစ်ရပ်မျိုး ထပ်ဖန်တလဲလဲမဖြစ်ပွားဖို့ ‘ပညာဉာဏ်နဲ့ လေးစားမှု’လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကမ္ဘာကြီးထဲမှာရော၊ ဘောလုံးလောကထဲမှာပါ ကျွန်တော် အမြဲတမ်းလိုချင်ခဲ့တာက ပညာဉာဏ်နဲ့ လေးစားမှုပါ။ “လူမျိုးရေးခွဲခြားမှုတွေ၊ ခွဲခြားဆက်ဆံခြင်းတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ရှုတ်ချပါတယ်”လို့ ရေးသားထားပါတယ်။