စတာလင်ကို ဟန်ဂေရီပရိသတ်တွေက လူမျိုးရေးခွဲခြားခဲ့ပါတယ်။

အင်္ဂလန်က ဟန်ဂေရီကို လေးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ လူမျိုးရေးခွဲခြားခံရမှုနဲ့ ပတ်သက်ပြီး တော်တော်လေးအငြင်းပွားစရာလုပ်ရပ်တွေကို ဟန်ဂေရီပရိသတ်တွေကဖန်တီးခဲ့ပါတယ်။ ပွဲမစတင်ခင်မှာ လူမျိုးရေးခွဲခြားမှုမပြုလုပ်ဖို့ အင်္ဂလန်အသင်းသားတွေက ဒူးတဖက်ထောက်ကာ ပြုလုပ်ခဲ့စဉ်မှာလည်း ၀ိုင်းဝန်းလှောင်ပြောင်မှုတွေရှိခဲ့ကြပြီး ပွဲချိန်အတွင်းမှာလည်း စတာလင် နဲ့ ဘီလင်ဟမ်တို့ကို မျောက်လို့အော်ဟစ်ခဲ့ကြပါတယ်။ 

ဟန်ဂေရီပရိသတ်တွေဟာ စတာလင်ဂိုးသွင်းချ်ိန်မှာလည်း ပလက်စတစ်ခွက်တွေနဲ့ ပစ်ပေါက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ပွဲကစားချိန် ၅၅ မိနစ်မှာ စတာလင်က အင်္ဂလန်အတွက် ဂိုးသွင်းပြီး အောင်ပွဲခံနေချိန်မှာ ပစ်ပေါက်ခဲ့ကြတာဖြစ်ပြီး ဒီလုပ်ရပ်ကို အင်္ဂလန်ကွင်းလယ်လူဒီကလန်ရိုက်က အကောင်းဆုံးတုံ့ပြန်လုပ်ပြသွားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

စတာလင်ကို ဂုဏ်ပြုဖို့ပြေးလွှားရောက်ရှိခဲ့တဲ့ ဒီကလန်ရိုက်ဟာ ပလတ်စတစ်ခွက်တစ်ခုကို ကောက်ယူပြီး သောက်ပြဟန်ပြုလုပ်ခဲ့ကာ ပြန်လည်ပစ်ချသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါခွက်တွေဟာ ဘီယာခွက်တွေဖြစ်တယ်လို့သိရပြီး အသက် ၂၂နှစ်အရွယ် ဘီယာလုံးဝမသောက်ဖူးသလို ဘီယာနံ့ကိုလည်း မနှစ်သက်ဘူးလို့ ဝန်ခံထားတဲ့ ဒီကလန်ရိုက်ရဲ့ အခုလုပ်ရပ်ဟာ တော်တော်လေးတော့ ပြောစမှတ်တွင်စရာဖြစ်ခဲ့ရပါတယ်။
 


"ကျွန်တော့်အသက် ၂၂နှစ်အထိ ဘီယာမသောက်ဖူးဘူး၊ ဒါအမှန်ပါ၊ နည်းနည်းလေးတောင်မှ ကျွန်တော်မသောက်ဖူးဘူး၊ ဒါက ပြောစရာကောင်းတဲ့ကိစ္စမျိုးတော့မဟုတ်ပေမယ့် ကျွန်တော် ဘီယာကို တကယ်မသောက်တာပါ၊ လူတွေအံ့သြကြပါတယ်၊ အနံ့ကိုလည်း ကျွန်တော်မကြိုက်လို့ ဘီယာနားဆို သွားကိုမသွားဘူး" လို့ ဒီကလန်ရိုက်က ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။
 


ဟန်ဂေရီနဲ့ပွဲမှာတော့ ဒီကလန်ရိုက်က အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်အတွက် စတာလင်၊ ဟယ်ရီကိိန်းနဲ့ မက်ဂွိုင်းယားတို့ကလည်း တစ်ဂိုးစီသွင်းယူပေးခဲ့ကြကာ ယူရိုဗိုလ်လုပွဲရှုံးပွဲကနေ အင်္ဂလန်ကအကောင်းဆုံးနိုးထလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဟန်ဂေရီပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ ဘူးခွံတွေနဲ့ ပစ်ပေါက်မှုတွေကိုလည်း အင်္ဂလန်ကစားသမားတွေက ပရော်ဖက်ရှင်နယ်ကျကျတုံ့ပြန်သွားခဲ့ကြပါတယ်။ 




က္က