လက်ရှိအချိန်ထိ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားတဲ့ အသင်းတွေက အေစီမီလန်၊ ဖီအိုရင်တီးနားနဲ့ အတ္တလန္တာတို့ဖြစ်ပြီး ဒီနေ့မှာ လာဇီယို နဲ့ အင်တာမီလန်တို့ရဲ့ လက်ကျန် ကွာတားဖိုင်နယ်ပွဲကို ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။
ကိုပါအီတာလီယာဖလားကို (၄)နှစ်ဆက်တိုက် ဆွတ်ခူးထားတဲ့ စီးရီးအေဘီလူးကြီး ဂျူဗင်တပ်စ်ဟာ မနေ့က ကစားခဲ့တဲ့ အတ္တလန္တာ နဲ့ ကိုပါအီတာလီယာကွာတားဖိုင်နယ်မှာ ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ဂျူဗီဟာ ကစားသမားအစုံအလင် ပါဝင်ခဲ့ပေမယ့် အဝေးကွင်းမှာ (၃-ဝ)နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
အတ္တလန္တာအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးဇာပါတာက ဂျူဗင်တပ်စ်ကို (၂)ဂိုးသွင်းယူခဲ့ကာ ဒုက္ခပေးသွားခဲ့ပါတယ်။ ဂျူဗီမှာ ဒီဘာလာ၊ ရော်နယ်ဒို၊ မာတွီဒီ၊ ချီလီနီ၊ ဆန်ဒရို တို့လို အဓိကကစားသမားတွေ ပါဝင်ခဲ့ပေမယ့် အတ္တလန္တာကို ဘယ်လိုမှ ဂိုးမသွင်းနိုင်ခဲ့ပဲ သွင်းဂိုးဗလာနဲ့ပါ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ တစ်ပွဲလုံးမှာမှ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့တာကိုလည်း အံ့အားသင့်ဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။ အတ္တလန္တာအတွက် သွင်းဂိုးတွေကို ပွဲချိန် (၃၇)မိနစ်မှာ တီမီုတီကာစတာနီက သွင်းယူပေးခဲ့ပြီး (၃၉)မိနစ်မှာ ဇာပါတာက နောက်တစ်ဂိုးသွင်းယူသွားခဲ့ပါတယ်။ (၃)မိနစ်အတွင်းမှာ (၂)ဂိုးပေးခဲ့ရတဲ့ ဂျူဗီတို့ ပထမပိုင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ဇာပါတာရဲ့ (၈၆)မိနစ် သွင်းဂိုးက ဂျူဗင်တပ်စ်ကို အသေသတ်နိုင်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားစေခဲ့ပါတယ်။ ဂျူဗီက ဒုတိယပိုင်းမှာ ဒေါက်ဂလပ်စ်ကော်စတာ၊ ကန်ဆယ်လို၊ ပီယာနစ်တို့ကို ထည့်သွင်းပြီး လူစားလဲလှယ်ခဲ့ပေမယ့် အရာမထင်ခဲ့ပဲ (၅)ကြိမ်ဆက် ချန်ပီယံဖြစ်ရေး မျှေ်ာလင့်ချက်က အဆံုံးသတ်သွားခဲ့ပါတယ်။
အခြားသော ကွာတားဖိုင်နယ်ပွဲမှာတော့ ဖီအိုရင်တီးနားက ရိုးမားကို အိမ်ကွင်းမှာ (၇-၁) ဆိုတဲ့ အံ့အားသင့်စရာ ရလာဒ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ရိုးမားအတွက် အရှက်ရဖွယ် ရှုံးနိမ့်မှု ဖြစ်ခဲ့ရပြီး ပြိုင်ပွဲကလည်း ထွက်ခွာသွားခဲ့ရပါပြီ။ ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုအတွက်လည်း ဖိအားဒဏ်တွေ ခံစားလိုက်ရပြီး နည်းပြထိုင်ခုံကို လှုပ်ခတ်စေတဲ့ ရှုံးပွဲဖြစ်လာခဲ့ပါတယ်။