နေအိမ်ဖောက်ထွင်းခံရတဲ့ သတင်းကိုတော့ ပွဲအပြီး ဟိုတယ်ကို ပြန်ရောက်ချိန်ကျမှ ဆီမီဒို တစ်ယောက် သိခဲ့ရတာပါ။
ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အယ်ကလက်စီကို ဒါဘီပွဲမတိုင်ခင် ဘာစီလိုနာ ကစားသမား နယ်ဆန် ဆီမီဒိုရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
အသက် ၂၆ နှစ်အရွယ် ဆီမီဒိုအနေနဲ့ အယ်ကလက်စီကိုပွဲကစားဖို့ အသင်းနဲ့အတူ ပူးပေါင်းနေချိန်မှာ အခုလို ဖောက်ထွင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဖောက်ထွင်းခံရတာနဲ့ ပတ်သက်ပြီး ဖောက်ထွင်းခံရတဲ့ ပစ္စည်းတွေကို ဆီမီဒိုက ပြောပြလာခြင်းမရှိပေမယ့် စပိန် ရေဒီယိုကတော့ တန်ဖိုးကြီးနာရီတွေနဲ့ လက်ဝတ်ရတနာတွေ ပါဝင်သွားခဲ့မယ်လို့ သုံးသပ်ထားပါတယ်။
ဒီသတင်းကိုတော့ ဘာစီလိုနာ ညာနောက်ခံလူ ဆီမီဒိုအနေနဲ့ ပွဲအပြီး ဟိုတယ်ကို ပြန်ရောက်မှပဲ သိနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဖောက်ထွင်းရေး သမားတွေအနေနဲ့ နာမည်ကြီး ကစားသမားတွေရဲ့ နေအိမ်တွေကို အဓိကထား ပစ်မှတ်ထား ဖောက်ထွင်းနေကြတာ ဖြစ်ပြီး မကြာခဏဆိုသလို နာမည်ကြီး ဘောလုံးသမားတွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခံနေရတာလည်း ဖြစ်ပါတယ်။
တဆက်တည်း ကြားသိရတဲ့ သတင်းတွေအရ ရီးရဲနောက်ခံလူ ဗာရနီနဲ့ ဘာစီလိုနာ နောက်ခံလူ ပီကေးတို့ရဲ့ နေအိမ်တွေလည်း ဖောက်ထွင်းခံရဖို့ အမြဲတမ်း စောင့်ကြည့်ခြင်း ခံနေရတယ်လို့ သိရပြီး အထူးသဖြင့် အဝေး ကွင်းပွဲတွေ ကစားချိန်ဆို ပိုသတိထားနေရတယ်လို့ သိရပါတယ်။
ဒါကြောင့် နာမည်ကြီး ဘောလုံးသမားတွေအနေနဲ့ နေအိမ် လုံခြုံရေးကို ဦးစားပေး ပြင်ဆင်ဖို့ လိုအပ်နေတာကို တော့ အချက်ပြနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ အယ်ကလက်စီကို ဒါဘီပွဲကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။