နေမကောင်းတဲ့ ၄ နှစ်သားက အဖေကို ဖုန်းဆက်လာတဲ့အချိန်မှာ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် မသွားမယ့် အဖေရှိမလားလို့ ဘိုတန်က မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။
ဂျာမနီမှာ အသွားအလာ ကန့်သတ်မှုတွေကို အစိုးရက ပြုလုပ်ထားပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူရှိနေတဲ့ ဂျာမနီ လက်ရွေးစင် ဘိုတန်ဟာ သားဖြစ်သူကို တွေ့ရဖို့ မြူးနစ်မြို့ကနေ တိတ်တဆိတ်ထွက်ခွာခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ဒီသတင်းကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ဘိုတန်ကိုနိုင်ငံတော်က ပြဌာန်းထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့ အတွက် ပြစ်ဒဏ်သတ်မှတ်ခဲ့တယ်လို့လည်းသိရပါတယ်။
ဘိုင်ယန်အသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ - “ ကလပ်က နိုင်ငံတော် ပြဌာန်းချက်နဲ့အညီ ထုတ်ပြန်ပေးထားတဲ့ စည်းကမ်းကို ချိုးဖောက်တဲ့အတွက် ဘိုတန်ကို ပြစ်ဒဏ်ချမှတ်သွားမှာပါ။”လို့ ပါရှိပါတယ်။
ဂျာမနီမှာတော့ ဘာဗေးရီးယားပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ပထမဆုံး အသွားအလာ ကန့်သတ်ခံရတဲ့ နည်မြေ ဖြစ်ခဲ့ပါတယ်။
ဘိုတန်ကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းကို လေးစားပေမယ့် ဝမ်းနည်းမိတယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါ တယ်။
“ကျွန်တော့် ခရီးစဥ်နဲ့ပတ်သက်ပြီး ကလပ်ကို မပြောမိတာ မှားမှန်းသိပေမယ့် အခုချိန်မှာ ကျွန်တော့်စိတ်ထဲ သားဇောပဲ ရှိနေခဲ့လို့ပါ။အဓိကက သူကျန်းမာရေးမကောင်းတာကြောင့်သူဖုန်းဆက်ပြောလာတဲ့အချိန်မှာ အဖေတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် သားဇောနဲ့ သားအနားကို သွားခဲ့မိတာပါ၊”လို့ ပြန်လည် ဖြေရှင်းထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကတော့ စည်းကမ်းကို လိုက်မနာတဲ့အတွက် ဘိုတန်ကို ဒဏ်ရိုက်ခဲ့သည့်တိုင် ဒဏ်ကြေးငွေကိုတော့ မထုတ်ပြန်လာခဲ့ပဲ ဒီဒဏ်ကြေးငွေကိုတော့ မြူးနစ် ဆေးရုံကို လှူဒါန်းသွားမှာလို့လည်း သိရပါတယ်။
ဘိုတန်ကတော့ ၂၀၁၁ ခုနှစ်က မန်စီးတီးကနေ ဘိုင်ယန်ကို ရောက်တဲ့အချိန်ကစပြီး ပွဲပေါင်း ၂၀၀ ကျော်ပါဝင် ကစားပေးထားနိုင်သူ ဖြစ်ပါတယ်။