သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးလို့လည်း ဆိုခဲ့ပါတယ်။

အေစီမီလန်ရဲ့ ၀ါရင့်တိုက်စစ်မှူးကြီးဇလာတန်က သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးကြီးဟာ လက်ရှိအချိန်ထိ ဘောလုံးကစားနေဆဲဖြစ်ပြီး ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ ဇလာတန်က သူဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် နိမ့်ကျတဲ့ကစားသမားမျိုးမဟုတ်ဘူးလို့ သူ့ကိုယ်သူယူဆခဲ့တာလည်းဖြစ်ပါတယ်။

ကစားသမားဘဝမှာ နိုင်ငံပေါင်း ၇ နိုင်ငံအတွင်း နှစ်ပေါင်း ၂၂ နှစ်ကြာအောင် ဇလာတန်က ကစားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားဘဝမှာ ဘလွန်းဒီအောဆု၊ ချန်ပီယံလိဂ်ဖလားတို့ကို မဆွတ်ခူးနိုင်ခဲ့ပေမယ့် ဇလာတန်က ခြေစွမ်းပိုင်းအရင်တော့ နာမည်ကျော်ကစားသမားနှစ်ဦးထက် သူဟာ ဘယ်တုန်းကမှ နိမ့်ကျမှုမရှိခဲ့ဘူးလို့ အပြည့်အဝယုံကြည်နေတာလည်းဖြစ်ပါတယ်။ 


"ပင်ကိုယ်အရည်အသွေးအကြောင်းပြောမယ်ဆိုရင် ကျွန်တော်က မက်ဆီ၊ ရော်နယ်ဒိုတို့ထက် မနိမ့်ကျပါဘူး၊ ဆုဖလားတွေကိုကြည့်မယ်ဆိုရင်တော့ သူတို့ကသာပါတယ်၊ ကျွန်တော် ချန်ပီယံလိဂ်ဖလားမရဖူးပါဘူး၊ ဒါပေမယ့် ခင်ဗျားဘယ်လိုတွက်ချက်မလဲဆိုတာ ကျွန်တော်မသိဘူး၊ အဲဒါကို ကျွန်တော်အစွဲအလမ်းကြိးတာတော့မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့အရာတွေကို စုပေါင်းလုပ်ဆောင်တဲ့အခါ တစ်ဦးချင်းအရာတွေက နောက်ကပါလာပါတယ်"

" စုပေါင်းလုပ်ဆောင်မှုမကောင်းင် တစ်ဦးချင်းလည်းကောင်းမှာမဟုတ်တော့ပါဘူး၊ ဘလွန်းဒီအောနဲ့ ကျွန်တော်လွဲချော်ခဲ့တယ်လား၊ မဟုတ်ပါဘူး၊ ဘလွန်းဒီအောဆုကသာ ကျွန်တော့်ကို လွဲချော်ခဲ့တာပါ၊ သေသေချာချာတွေးကြည့်ရင် ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးပါ၊ ကစားသမားတွေကို တစ်ဦးနဲ့တစ်ဦး နှိုင်းယှဉ်ဖို့က မသင့်တော်ပါဘူး၊ လူတိုင်းက ကိုယ့်ခေတ်မှာကိုယ်ကစားနေရတာ၊ မတူညီတဲ့အသင်းဖော်တွေလည်းရှိမယ်၊ ဒီတော့ နှိုင်းယှဉ်ဖို့ခက်ပါတယ်"

"လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးနေတဲ့ ဇာတ်လမ်းတွေရှိမယ်လို့ ကျွန်တော်ထင်တယ်၊ အဲဒါကို ရင်ဆိုင်သင့်ပါတယ်" လို့ ဇလာတန်က France Football ကို ပြောဆိုခဲ့ပါတယ်။ ဇလာတန်ဟာ အေစီ၊ အင်တာ၊ ဂျူဗီ၊ ဘာကာ၊ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့မှာ ကစားခဲ့ပြိး ဆုဖလားအများအပြားရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်နဲ့တော့ တေ့လွဲလွဲနေခဲ့သူဖြစ်ပါတယ်။



က္က