အာဂျင်တီးနားနဲ့ပွဲစဥၤမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။
Kg Htet

ဘရာဇီးလ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဝီလီယံဟာ တံကောက်ကြောဒဏ်ရာကြောင့် ပီရူးအသင်းနဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကိုပါအမေရိကဗိုလ်လုပွဲစဉ်ကို လွဲချော်တော့မယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဝီလီယံဟာ အင်္ဂါနေ့ညက အာဂျင်တီးနားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ဝီလီယံဟာ တံကောက်ကြောနာကျင်မှုကို ခံစားခဲ့ရတာကြောင့် ယမန်နေ့မှာ စစ်ဆေးမှု ခံယူခဲ့ပြီး ကြွက်သားစုတ်ပြဲသွားခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အစားထိုးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘရာဇီးလ်အသင်းဟာ ၉ ကြိမ်မြောက်ကိုပါအမေရိကဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပီရူးအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဗိုလ်လုပွဲမှာ ဝီလီယံ မပါဝင်ဘဲ ကစားသွားရမှာဖြစ်တယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က Omnisport ကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ပီရူးအသင်းဟာ ယမန်နေ့ညက လက်ရှိချန်ပီယံ ချီလီအသင်းကို ဖလောရက်စ်၊ ယိုရှီမာယိုထွန်၊ ဟိုဆေးပါအိုလိုဂွာရဲရိုးတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ၄၄ နှစ်အကြာမှာ ကိုပါအမေရိကဗိုလ်လုပွဲကို ပြန်လည်တက်ရောက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဝီလီယံဟာ ၂၀၁၁ ခုနှစ်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဘရာဇီးလ်အတွက် ၆၉ ပွဲ ပါဝင်ကစားပေးခဲ့ကာ ၉ ဂိုး သွင်းယူပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က