အုပ်စုအဆင့်က လွန်မြောက်နိုင်ဖို့ လွယ်ကူပေမယ့်လည်း ဗင်နီဇွဲလားထက် ပိုမိုကောင်းမွန်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘရာဇီးလ်ခြေစွမ်းက ကောင်းမွန်ပါ့မလားလို့ ထင်စရာဖြစ်ခဲ့ရပါတယ်။
ဒီနေ့မနက် (၇)နာရီက ကစားခဲ့တဲ့ ဘရာဇီးလ် နဲ့ ဗင်နီဇွဲလားတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဘိုလီဗီးယားကို ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် အိမ်ရှင်ဘရာဇီးလ်ဟာ ဗင်နီဇွဲလားကိုတော့ ဂိုးမသွင်းနိုင်ခဲ့ပဲ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဗင်နီဇွဲလားကတော့ အိမ်ရှင်အသင်းဆီက သရေတစ်မှတ်ရယူနိုင်ခဲ့လို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။
ဘရာဇီးလ်က နှစ်ပွဲကစားအပြီးမှာ လေးမှတ်ရရှိထားပြီး ဗင်နီဇွဲလားကတော့ (၂)မှတ်ရရှိထားတာ ဖြစ်ပါတယ်။ ပီရူးက ဘိုလီဗီးယားကို အနိုင်ယူပြီး (၄)မှတ်ရထားပေမယ့် နောက်ဆုံးပွဲမှာ ဘရာဇီးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ဗင်နီဇွဲလားအနေနဲ့ ဘိုလီဗီးယားကိုသာ အနိုင်ယူနိုင်ခဲ့မယ်၊ တစ်ဖက်မှာလည်း ဘရာဇီးလ်နဲ့ပီရူးပွဲက အနိုင်အရှုံးအဖြေထွက်ခဲ့မယ်ဆိုရင် နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဟာ ဗင်နီဇွဲလားနဲ့ပွဲမှာ တစ်ပွဲလုံးဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့တဲ့အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ရစ်ချာလီဆန်၊ ကော်တင်ဟို၊ နီရက်စ်နဲ့ ဖာမီနိုတို့ ပါဝင်ခဲ့ပေမယ့်လည်း အခွင့်အရေးဖန်တီးနိုင်မှု အားနည်းခဲ့ပြီး အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ရှိခဲ့ကာ ဆုဖလားဆွတ်ခူးနိုင်မယ့်အသင်းအဖြစ် သံသယဝင်စရာရှိနေခဲ့ပါတယ်။ ဘရာဇီးလ်အနေနဲ့ ဂျီးဆပ်ရဲ့ သွင်းဂိုးရရှိခဲ့ပေမယ့် အသင်းဖော်လူကျွံနေမှုကြောင့် VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။
ဗင်နီဇွဲလားကတော့သရေတစ်မှတ်ရရင် မျှော်လင့်ချက်အားကောင်းသွားမှာဖြစ်လို့ ဘရာဇီးလ်ကို ခံစစ်အားပြုကစားခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးပိုင်ဆိုင်မှုမှာ ဘရာဇီးလ်က တစ်ဖက်သတ်အသာစီးရယူနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းဂိုးပေါက်ကို ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂျီးဆပ်စ်၊ အယ်ဗာတန်တို့ကို အစားထိုးခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။ (၈၇)မိနစ်မှာ ကော်တင်ဟို တစ်ဂိုးသွင်းခဲ့ပေမယ့် ဖာမီနီုရဲ့ လက်နဲ့ ထိခဲ့တယ်လို့ VAR ကို ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့ကာ ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ပါဘူး။
ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေခဲ့တဲ့ ဘရာဇီးလ်ဟာ ဗင်နီဇွဲလားကို အနိုင်မယူနိုင်ခဲ့လို့ သူတို့ရဲ့ ရေပန်းစားမှုက မေးခွန်းထုတ်စရာတော့ ရှိခဲ့ပါတယ်။ အုပ်စုအဆင့်က လွန်မြောက်နိုင်ဖို့ လွယ်ကူပေမယ့်လည်း ဗင်နီဇွဲလားထက် ပိုမိုကောင်းမွန်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘရာဇီးလ်ခြေစွမ်းက ကောင်းမွန်ပါ့မလားလို့ ထင်စရာဖြစ်ခဲ့ရပါတယ်။