ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူဟာ အေဂျက်ကြယ်ပွင့် ဒီလစ် နူးကမ့်ကို ပြောင်းရွှေ့နိုင်ခြေရှိနေသေးတယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်သွားခဲ့ပြီး လာမယ့်ရာသီ ဘယ်မှာကစားမလဲဆိုတာ သိခဲ့ပြီးသားလို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့သတင်းအရ သိရပါတယ်။
အေဂျက်ကြယ်ပွင့် ဒီလစ်ရဲ့အပြောင်းအရွှေ့ဟာ အပြောင်းအရွှေ့ဈေးကွက်မစတင်မီကတည်းက ဂယက်ထနေခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ တိကျတဲ့အဖြေတစ်ခု မရသေးတာဖြစ်ပါတယ်။
မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီလစ်ဟာ တစ်ရာသီလုပ်ခလစာ ယူရို ၁၂ သန်းနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေရောက်နေပြီလို့ ဆိုပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ အေဂျက်အသင်းတို့ဟာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သဘောတူညီမှုမရရှိသေးပေမယ့် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒီလစ်ရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာဟာ အေးဂျင့်ခအဖြစ် ယူရို ၁၁ သန်းအထိ ရရှိဖွယ်ရှိနေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဥက္ကဌက ဒီလစ်ရဲ့အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက လက်လျှော့သွားတာမဟုတ်ဘူးဆိုတဲ့ သဘောမျိုးပြောကြားခဲ့ပြီး ဒီလစ်ရဲ့နောက်ထပ်ပြောင်းရွှေ့မယ့်နေရာဟာ အရင်ကတည်းက ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“လာမယ့်ရာသီ ဒီလစ်ဘယ်မှာကစားမလဲဆိုတာ ကျွန်တော် သိနေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော် သိနေတုန်းပါပဲ။ ဒါပေမယ့် ဘာတစ်ခုမှ ကျွန်တော် မပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီလစ်ရဲ့အေဂျက်အသင်းဖော် ဖရန်ကီဒီဂျောင်ကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဘာတိုမြူ ပြောကြားခဲ့တဲ့ စကားအသွားအလာအရ ဒီလစ်ဟာ ၎င်းရဲ့အသင်းဖော်ခြေရာလိုက်နင်းဖွယ်ရှိနေတယ်လို့ ယူဆရပါတယ်။