ဘိုင်ယန်-ချယ်လ်ဆီး ၊ ဘာကာ-နာပိုလီတို့ကစားကြမှာပါ။
Pyae Phyo Thein

ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက် ၂ပွဲကို ဆက်ကစားသွားမှာပါ။ ဘာစီလိုနာနဲ့ နာပိုလီ၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့ဖြစ်ပါတယ်။ ဘာစီလိုနာပွဲကတော့ ပထမအကျော့မှာ ၁-၁ သရေဖြစ်ခဲ့လို့ နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိနေပြီး ဘိုင်ယန်ကတော့ ပထမအကျော့အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရရှိထားလို့ ကွာတားဖိုင်နယ်တက်ဖို့ အကောင်းဆုံးအခြေအနေဖြစ်နေပါတယ်။ အဆိုပါပွဲစဉ်တွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ကိန်းဂဏန်းမှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ 


ဘာစီလိုနာ-နာပိုလီ

၆ - နာပိုလီက ဒရိုင်းမာတင်စ်ကတော့ ချန်ပီယံလိဂ်ဂိုး ၆ ဂိုးရရှိထားပြီး ဒါဟာ နာပိုလီသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ တစ်ရာသီအတွင်းဂိုးအများဆုံးရထားတဲ့ ကစားသမားစာရင်းထဲ ဝင်ခဲ့ပါတယ်။ သူ့အရင်မှာ ကာဗာနီ နဲ့ ဟီဂူအင်တို့က ၇ ဂိုးအထိ သွင်းခဲ့တာပါ။


၁၁ - မက်ဆီကတော့ နောက်ဆုံးကစားထားခဲ့တဲ့ ရှုံးထွက်အဆင့်အိမ်ကွင်းငါးပွဲမှာ ၁၁ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ၈ ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးခဲ့ပြီးတော့ တစ်ပွဲတည်းလေးဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲလည်း ရှိခဲ့ပါတယ်။ 


၁၂ - ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို နောက်ဆုံး ၁၂ကြိမ်ဆက်တိုက် တက်ရောက်ထားနိုင်ခဲ့ပါတယ်။ သူတို့အနေနဲ့ ၂၀၀၆-၀၇ ဘောလုံးရာသီက ရီကတ်လက်ထက်မှာ မတက်ရောက်နိုင်ခဲ့တာက နောက်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ၁၉ ပွဲရဲ့ ပထမအကျော့အဝေးကွင်းပွဲမှာ မရှုံးနိမ့်ခဲ့ဘူးဆိုရင် နောက်တဆင့်ကိုတက်ရောက်နိုင်တဲ့ အစဉ်အလာလည်းရှိပါတယ်။

၂ - နာပိုလီကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်အဝေးကွင်းပွဲနှစ်ပွဲကို အရေးနိမ့်ထားခဲ့ပါတယ်။ ၂၀၁၂ မှာ ချယ်လ်ဆီးကို ၄-၁၊ ၂၀၁၇ မှာ ရီးရဲလ်ကို ၃-၁ တို့နဲ့ ရှုံးခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ ရှုံးထွက် ၁ဝပွဲမှာလည်း ပထမအကျော့ကို မနိုင်ခဲ့တဲ့ ၉ ပွဲက အရှုံးနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။


၁ - ဒီပွဲဟာ နည်းပြဆက်တီယန်အတွက် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးချန်ပီယံလိဂ်အိမ်ကွင်းပွဲဖြစ်ပါတယ်။ 


ဘိုင်ယန်မြူးနစ်-ချယ်လ်ဆီး

၆ - ဒီရာသီမှာ အင်္ဂလန်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ နာဘရီက ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ တစ်ရာသီအတွင်းမှာ နိုင်ငံတူကလပ်အသင်းတွေကို သူ့ထက်ပိုပြီး ဂိုးပိုသွင်းထားနိုင်သူအဖြစ် ရော်နယ်ဒိုက ၂၀၁၃-၁၄ မှာ ဂျာမနီကလပ်တွေကို ၇ ဂိုးနဲ့၊ လူးဝစ်ဇ်အက်ဒရီယာနိုက ၂၀၁၄-၁၅ မှာ ဘီလာရုစ်ကလပ်တွေကို ၈ ဂိုးအထိ သွင်းခဲ့တာပါ။


၄၁ - လီဝန်ဒေါစကီးကတော့ ချန်ပီယံလိဂ်ပွဲ ၆ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီး ၂ကြိမ်ဖန်တီးပေးထားပါတယ်။ ဒါဟာ ၄၁ မိနစ်ကစားပြီးတိုင်းမှာ သွင်းဂိုးတစ်ဂိုး ဒါမှမဟုတ် ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်တာပါ။ ဘိုင်ယန်ဟာ လီဝန်ဒေါစကီးဂိုးမသွင်းနိုင်တဲ့ ရှုံးထွက်အဆင့်နောက်ဆုံးငါးပွဲမှာတော့ နိုင်ပွဲမရခဲ့ဘဲ ၃ပွဲသရေ၊ ၂ပွဲရှုံးခဲ့ပါတယ်။


၁ - ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အဝေးကွင်းပွဲမှာ ၃ ဂိုးသွင်းနိုင်တဲ့ပွဲက ၂၀၀၉ တုန်းက လီဗာပူးလ်နဲ့ပွဲသာရှိခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းပွဲ ၄၃ ပွဲမှာ ၃ ပွဲသာ ၃ဂိုးပေးထားခဲ့ရပါတယ်။

၀ - ဥရောပဖလားတွေရဲ့ ပြိုင်ပွဲသမိုင်းမှာ ရှုံးထွက်အဆင့် ပထမအကျော့အိမ်ကွင်းပွဲကို ၃ ဂိုးနဲ့အထက်အရေးနိမ့်ခဲ့ရင် နောက်တဆင့်ကို တက်ရောက်နိုင်တဲ့အသင်းမရှိခဲ့ပါဘူး။ စုစုပေါင်း ၉၂ ပွဲအထိ ရှိခဲ့ပြီး အသင်းအားလုံးထွက်ခဲ့ရပါတယ်။


၃ - ဘိုင်ယန်နည်းပြဖလစ်ကတော့ ချန်ပီယံလိဂ်သမိုင်းမှာ ပွဲဦးထွက်ငါးပွဲကို အနိုင်ရခဲ့တဲ့ တတိယမြောက်နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့အရင်မျာ ကာပယ်လိုက အေစီမီလန်၊ လူးဝစ္စဖာနန်ဒက်ဇ်က ပီအက်စ်ဂျီတို့ကို ကိုင်တွယ်ပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 


Author


က္က