မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားတဲ့ City Football Group က မြောင်တောင်ကို ဝယ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြနေကြပါပြီ။
ထိုင်းလိဂ်(၁)ကလပ် မြောင်တောင်ယူနိုက်တက်ကို မန်စီးတီးအသင်းပိုင်ရှင်က ဝယ်ယူဖို့ ချိတ်ဆက်နေပြီလို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါတယ်။ ထိုင်းလိဂ်(၁)ရဲ့ ချန်ပီယံဟောင်း မြောင်တောင်အသင်းကို လက်ရှိမှာ Siam Cement Group (SCG) နဲ့ Siam Sports Syndicate ကုမ္ပဏီအုပ်စုက ပိုင်ဆိုင်နေပြီး ဗီယက်နမ်ကလပ် ဟနွိုင်းအက်ဖ်စီကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
မြောင်တောင်အသင်းဟာ ဒီနှစ် ထိုင်းလိဂ်(၁)မှာ အခြေအနေမကောင်းပဲ ၁၆ သင်းရှိတဲ့လိဂ် မှာ ၁၆ ပွဲကစားအပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒီအချိန်မှာတော့ မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားတဲ့ အာရပ်သူဌေး ရှိခ်မန်ဆာက မြောင်တောင်ကိုဝယ်ယူဖို့ အကြီးအကျယ် ချိတ်ဆက်နေပြီလို့ ထိုင်းမီဒီယာတွေက ဖော်ပြနေကြတယ်လို့ ဆိုပါတယ်။
“ထိုင်းဈေးကွက်မှာ မန်စီးတီးအသင်းလို ကမ္ဘာ့အဆင့်ရှိတဲ့ အသင်းနည်းတူ ရင်းနှီးမြှုပ်နှံတာကတော့ ပုံမှန်ပါပဲ၊ မြောင်တောင်မှ မဟုတ်ပါဘူး အခြားဘယ်အသင်းပဲဖြစ်ဖြစ် ဒါက ပုံမှန်ပါပဲ” လို့ မြောင်တောင်ယူနိုက် တက်ရဲ့ ဒါရိုက်တာ Ronnarit Suewaja ကပြောခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးပိုင်ရှင် ရှိခ်မန်ဆာ ပိုင်ဆိုင်ထားတဲ့ City Football Group ကတော့ မေဂျာလိဂ်မှ နယူးယော့ခ် စီးတီး၊ အေလိဂ်မှ မဲလ်ဘုန်းစီးတီး အက်ဖ်စီ၊ လာလီဂါမှ ဂျီရိုနာနဲ့ ပရီးမီးယားလိဂ်မှ မန်ချက်စတာစီးတီး အသင်းတွေကို ပိုင်ဆိုင်ထားပါတယ်။