အတ္တလန္တိတ်သမုဒ္ဒရာကို အပေါ်စီးကနေ မြင်တွေ့ရတယ်လို့ သိရပါတယ်။
Pyae Phyo Thein

ရော်နယ်ဒို နေထိုင်နေတဲ့ အဖြူရောင်နဲ့ မီးခိုးရောင်ရောစပ်ထားတဲ့ နေအိမ်မှာ အိုလံပစ်ရေကူးကန်နှစ်ခုပါဝင်ပြီး ရေကူးကန်တစ်ခုကတော့ ခေါင်မိုးပေါ်မှာရှိတယ်လို့သိရပါတယ်။


ရောဂါခြေချုပ်မိနေခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ မက်ဒဲရားကျွန်းက Holliwoodian Villa မှာ တစ်ဦးတည်းရှိနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အဆိုပါနေအိမ်မှာ တစ်ဦးတည်းသီးသန့်ခွဲခြားနေထိုင်နေရတာဖြစ်ပြီး အခြေအနေတွေ ကောင်းမွန်ပြီဆိုရင်တော့ မိသားစုနဲ့ ပြန်လည်နေထိုင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ 

ရော်နယ်ဒို နေထိုင်နေတဲ့ အဖြူရောင်နဲ့ မီးခိုးရောင်ရောစပ်ထားတဲ့ နေအိမ်မှာ အိုလံပစ်ရေကူးကန်နှစ်ခုပါဝင်ပြီး ရေကူးကန်တစ်ခုကတော့ ခေါင်မိုးပေါ်မှာရှိတယ်လို့သိရပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကို လှမ်းမြင်တွေ့နိုင်တဲ့ အနေအထားမှာလည်းရှိကာ အားကစားလေ့ကျင့်ရာခန်းမကလည်း နှစ်ခုပါဝင်သလို ပုံမှန်ဘောလုံးကွင်းတစ်ကွင်းလည်း ပါရှိတယ်လို့ La Stampa သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ကားပါကင်ငါးခုလည်း ပါဝင်ကာ ရော်နယ်ဒိုက နေ့တိုင်းလိုလို ကိုယ်ပိုင်ပန်းခြံအတွင်းမှာ အပြေးလေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အိုလံပစ်ရေကူးကန်တွေမှာ တစ်နေ့ကို အနည်းဆုံးတစ်နာရီအထိ ရော်နယ်ဒိုရေကူးလေ့ရှိပြီး အားကစားခန်းမအတွင်းမှာလည်း လေ့ကျင့်စရာပစ္စည်းအမျိုးမျိုးကို ဝယ်ယူထားရှိတယ်လို့လည်း ဆိုပါတယ်။ 

ရော်နယ်ဒိုရဲ့ အတူနေချစ်သူဂျော်ဂျင်နာရိုဒရီဂွက်ဇ်ရဲ့ အင်စတာဂရမ်အကောင့်မှာဆိုရင်လည်း ရော်နယ်ဒိုရဲ့သားအကြီးဆုံး ဂျူနီယာရော်နယ်ဒိုက သမုဒ္ဒရာကို ရေကူးကန်ပေါ်ကနေ ငေးမောကြည့်ရှုနေတဲ့ ဓာတ်ပုံကို ဖော်ပြထားရှိပြီး အဆိုပါနေအိမ်ရဲ့ကြီးကျယ်ခမ်းနာမှုကို အရိပ်အမြွက်ဖော်ပြခဲ့ဖူးပါတယ်။ 

ဒါကြောင့် အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးအတွက်တော့ တစ်ဦးတည်းအထီးကျန်နေရပေမယ့်လည်း လိုအပ်တဲ့ဇိမ်ခံပစ္စည်းတွေနဲ့ လေ့ကျင့်ခန်းအထောက်အကူပြု ပစ္စည်းတွေအစုံအလင်ရှိနေတာကြောင့် စိတ်သက်သာရာရရှိဖွယ်ရှိမယ်လို့ ခန့်မှန်းရပြီး ရောဂါခြေချုပ်ကန့်သတ်ခံထားရတဲ့အချိန် ပြီးဆုံးပါက မိသားစုနဲ့အတူ ပြန်လည်နေထိုင်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ 



Author


က္က