တူရင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
Pyae Phyo Thein

ပေါ်တူဂီကြယ်ပွင့်အနေနဲ့ တူရင်ကို အခုထက်ပိုမိုစောစီးစွာရောက်ရှိရမှာဖြစ်ပေမယ့်လည်း သူ့ရဲ့ဂျက်လေယာဉ်ဟာ မက်ဒရစ်လေဆိပ်ကနေ ထွက်ခွာခွင့်မရခဲ့လို့ ခရီးစဉ်နှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ တူရင်ကို ရောက်ရှိနေပြီဖြစ်ပြီး ၁၄ ရက်ကြာ ရောဂါခြေချုပ်နဲ့ နေထိုင်ရမယ်လို့ သိရပါတယ်။ မက်ဒဲရားကျွန်းကနေ အီတလီကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရော်နယ်ဒိုက လာရောက်ခဲ့တာဖြစ်ပြီးတော့ သူနဲ့အတူ မိသားစုပါ လိုက်ပါလာခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပေါ်တူဂီကြယ်ပွင့်အနေနဲ့ တူရင်ကို အခုထက်ပိုမိုစောစီးစွာရောက်ရှိရမှာဖြစ်ပေမယ့်လည်း သူ့ရဲ့ဂျက်လေယာဉ်ဟာ မက်ဒရစ်လေဆိပ်ကနေ ထွက်ခွာခွင့်မရခဲ့လို့ ခရီးစဉ်နှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။ တနင်္လာနေ့ညနေပိုင်းမှာတော့ ရော်နယ်ဒိုက တူရင်ကိုရောက်ရှိလာခဲ့ပြီလို့ သိရပြီး ရောဂါခြေချုပ်နဲ့ နေထိုင်ပြီးပါက အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ဖြစ်ပွားမှု အီတလီမှာစတင်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ မွေးရပ်မြေမက်ဒဲရားကျွန်းကို ပြန်ခဲ့တာဖြစ်ပြီး ၂လနီးပါးကြာနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ အီတလီအစိုးရက စီးရီးအေပွဲစဉ်တွေကို ပြန်လည်ကစားဖို့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကလပ်အသင်းတွေကို လေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ ခွင့်ပြုခဲ့ပြီးနောက်မှာ ပေါ်တူဂီကြယ်ပွင့်က အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

မေလ ၁၈ ရက်နေ့မှာ ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်ဖို့ ဂျူဗီက စီစဉ်ထားပြီး ရော်နယ်ဒိုအနေနဲ့ တစ်ရက်နောက်ကျခဲ့လို့ အသင်းနဲ့ပူးပေါင်းလေ့ကျင့်မှုမှာ နောက်ကျမှာလည်းဖြစ်ပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းကို ရောက်ရှိချိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိကို စစ်ဆေးမှုခံယူရဦးမှာဖြစ်ပြီး သူနဲ့အတူ နိုင်ငံခြားသားအသင်းဖော်တွေလည်း စစ်ဆေးခံရမယ်လို့ သိရပါတယ်။ 

လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ကစားသမားတွေအနေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံမှုကနေ ရှောင်လွှဲနိုင်ဖို့အတွက် သီးသန့်စီစဉ်ထားတဲ့ လေ့ကျင့်မှုတွေကိုသာ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ စီးရီးအေကလပ်တွေအနေနဲ့ လက်ကျန်ရာသီကို ဆက်လက်ကစားဖို့ သဘောတူညီခဲ့ကြပေမယ့်လည်း ဘယ်အချိန်မှာ ပြန်လည်ကစားမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က