ရီးရဲလ်နဲ့ မိတ်ဆက်ပွဲကို မနေ့က ပြုလုပ်သွားခဲ့ပါတယ်။

ဘရာဇီးလ်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ရော်ဘင်ဟို၊ နေမာတို့နဲ့ ဆင်တူမှုရှိတယ်လို့ ရီးရဲလ်ကစားသမားသစ် ရိုဒရိုင်ဂိုက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိခဲ့တဲ့ လူငယ်ကစားသမားသစ် ရိုဒရိုင်ဂိုက သူ့အနေနဲ့ ဆန်းတို့စ်ကနေ ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ မိနစ် (၂၀)အတွင်း အပြီးသတ်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရိုဒရိုင်ဂိုဟာ မနေ့ကပဲ ရီးရဲလ်နဲ့အတူ မိတ်ဆက်ပွဲပြုလုပ်သွားခဲ့တာဖြစ်ပြီး မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာဖြစ်တယ်လို့ Sportskeeda ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရိုဒရိုင်ဂိုကို ခေါ်ယူဖို့ ရီးရဲလ်က ၂၀၁၈ ခုနှစ်၊ ဇွန်လကတည်းက သဘောတူညီခဲ့တာဖြစ်ပြီး ဆန်းတို့စ်မှာ တစ်နှစ်ထပ်မံကစားခွင့်ပြုခဲ့ပါတယ်။ ရိုဒရိုင်ဂိုအတွဒက် ယူရို (၄၅)သန်းအထိ ရီးရဲလ်က ပေးချေခဲ့ရပြီး အသက် (၁၈)နှစ်အရွယ် လူငယ်ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကို သုံးစွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ရိုဒရိုင်ဂိုက "ကျွန်တော် ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးချင်တယ်လို့ အမြဲတမ်းပြောခဲ့တာပါ၊ သူတို့ရဲ့ ကမ်းလှမ်းမှု ရောက်ရှိလာချိန်မှာ ကျွန်တော် မငြင်းဆန်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် မိနစ် (၂၀)အတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပါတယ်၊ ကျွန်တော်က အမြဲတမ်း ရီးရဲလ်ပရိသတ်ပါ၊ ကလေးဘဝကတည်းက ကျွန်တော် အားပေးခဲ့တာ အားလုံးသိပါတယ်"

"ကျွန်တော်က လျှင်မြန်မှုရှိပြီး ဘောလုံးဆွဲပြေးနိုင်သလို ဂိုးလည်းသွင်းနိုင်ပါတယ်၊ ကျွန်တော်က ရော်ဘင်ဟို၊ နေမာတို့နဲ့ နည်းနည်းလေးစီ တူညီတဲ့ ကစားသမားပါ၊ နေမာက ကစားသမားကောင်းတစ်ယောက်ပါ၊ ဒါပေမယ့် အခုသူက အခြားအသင်းတစ်သင်းတစ်ခုမှာ ရှိနေလို့ သူ့အကြောင်းမပြောတော့ပါဘူး၊ ကျွန်တော်က မက်ဒရစ်ရဲ့ ရိုဒရိုင်ဂိုပါ၊ နေမာဆိုတာက တစ်ဦးတည်းရှိပါတယ်၊ နောက်တစ်ယောက်ဆိုတာ မရှိပါဘူး" လို့ ရိုဒရိုင်ဂိုက ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဒီနွေရာသီမှာ ရိုဒရိုင်ဂိုအပါအဝင် ကစားသမားသစ် (၅)ဦးအထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။ ရိုဒရိုင်ဂိုကိုတော့ ရီးရဲလ်က အသင်းကြီးမှာ ပွဲထွက်ခွင့်ပေးဖွယ်မရှိသေးပဲ လူငယ်အသင်းမှာပဲ ကစားစေမယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗင်နီရှပ်ကို ခေါ်ယူထားခဲ့ပြီး ဗင်နီရှပ်က အသင်းကြီးမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။



က္က