၂၀၂၀ ခုနှစ်အတွက် တစ်ဦးချင်းအကောင်းဆုံးဆုတွေဖြစ်ပါတယ်။
Pyae Phyo Thein

ဥရောပဘောလုံးလောကကြီးကတော့ အခုချိန်မှာ တစ်ခန်းရပ်ထားရပါတယ်။ အသင်းတိုင်းအတွက်လည်း ဒီရာသီရဲ့ အဆုံးအဖြတ်က ဘယ်လိုတွေလာဦးမလဲဆိုတာ မသေချာ၊မရေရာဖြစ်နေဆဲပါ။ ဒါပေမယ့် ကစားသမားတစ်ဦးချင်းစီရဲ့ အကောင်းဆုံးဆုတွေကတော့ မဖြစ်မနေရွေးချယ်ရဖို့ ရှိနေဦးမှာပါ။ လက်ရှိအနေအထားဆိုရင် လိဂ်တစ်ခုချင်းစီရဲ့ အကောင်းဆုံးကစားသမား နဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းတွေကို ရွေးချယ်ဖို့က သိပ်မခက်ခဲပါဘူး။ ခက်ခဲမှာကတော့ ၂၀၂၀ ဘလွန်းဒီအောဆုအတွက်ပါပဲ။ တကယ်လို့သာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတစ်ခုကို ဖျက်သိမ်းလိုက်ခဲ့မယ်ဆိုရင်တော့ ဆုရရှိနိုင်မယ့်သူတွေအဖြစ် Sportbible က အခုလိုဖော်ပြခဲ့ပါတယ်။ 


ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆု - ဒီဘရိုင်း

ပြီးခဲ့တဲ့နှစ်နှစ်ဆက်တိုက်အမှတ်ပေးဖလားကို မန်စီးတီးက ရရှိခဲ့ပေမယ့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကိုတော့ လီဗာပူးလ်ကစားသမားတွေက သိမ်းပိုက်သွားခဲ့ပါတယ်။ အခုချိန်မှာတော့ ဒါက ပြောင်းပြန်လည်လာခဲ့ပါပြီ။ လီဗာပူးလ်က ချန်ပီယံဆုဖလားရရှိဖို့ စောင့်ဆိုင်းနေရပြီး တစ်နှစ်တာအကောင်းဆုံးဆုကို မန်စီးတီးက ဒီဘရိုင်းက လက်ခံဖို့ အသင့်ဖြစ်နေလို့ပါ။ ဟန်ဒါဆန်၊ မာနေးတို့ကလည်း ဒီဆုနဲ့ ထိုက်တန်ပေမယ့် ဒီဘရိုင်းက ဖန်တီးမှု ၁၆ ကြိမ်၊ သွင်းဂိုး ၈ ဂိုးအထိ စွမ်းဆောင်ပြထားနိုင်ခဲ့တာပါ။ ဗာဒီ၊ ဗန်ဒိုက်၊ အာနိုးလ်တို့လည်း ဒီဆုအတွက် ဆန်ခါတင်အဆင့်မှာတော့ ပါဝင်နိုင်ပါတယ်။ 


ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု - အာနိုးလ်

လီဗာပူးလ်ရဲ့ ညာနောက်ခံလူနဲ့ ဖန်တီးရှင်ကစားသမားအာနိုးလ်က လူငယ်ကစားသမားဆုအတွက် ပြိုင်ဘက်မရှိလောက်ပါဘူး။ အသက် ၂၁ နှစ်အရွယ် ကစားသမားက ဂရီလစ်ရှ်၊ ဒင်းဟန်ဒါဆန်၊ ဂျိမ်းစ်မက်ဒီဆန်၊ အေဘရာဟမ်၊ မေဆန်မောင့်တို့လို ကစားသမားတွေနဲ့ ဒီဆုအတွက် အပြိုင်အဆိုင်ဖြစ်နေဖွယ်ရာရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီရာသီစွမ်းဆောင်ရည်က လက်ဖျားခါလောက်အောင် ကောင်းမွန်နေခဲ့ပြီး တစ်နှစ်တာလူငယ်ကစားသမားဆုကို ဒီတစ်ကြိမ်တော့ သူ အမှန်တကယ်ပိုင်ဆိုင်သင့်နေပါပြီ။ 


တစ်နှစ်တာအကောင်းဆုံးနည်းပြဆု - ယာဂင်ကလော့ပ်

လီဗာပူးလ်က ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်တောင်မှ ယာဂင်ကလော့ပ်အတွက်တော့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုက ပြေးမလွတ်တော့ပါဘူး။ သူနဲ့အတူ ရေပန်းစားနေခဲ့တဲ့ ခရစ္စဝိုင်လ်ဒါ၊ မာဆယ်လိုဘီလ်ယဲဆာ၊ စလေဗန်ဘီလစ်၊ ဘရန်ဒန်ရော်ဂျာ နဲ့ မာ့ခ်ရော်ဘင်စ်တို့ကို ကလော့ပ်က အသာစီးရရှိဖို့ဆိုတာ ယုံမှားစရာမရှိပါဘူး။ ချန်ပီယံလိဂ်ဖလားရယူပေးပြီး နောက်တစ်နှစ်မှာပဲ သူက အမှတ်ပေးဖလားကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိ်မ််ရရှိအောင် စွမ်းဆောင်ပေးနိုင်တော့မှာပါ။


ဘလွန်းဒီအော - အီလီချစ်

၂၀၂၀ အတွက် ဘလွန်းဒီအောဆုက ရက်သတ္တပတ် ၁၀ လောက်နဲ့ ဆုံးဖြတ်ရမယ့်ကိန်းဆိုက်နေပါတယ်။ ဒါပေမယ့် အဲဒီ ၁ဝပတ်အတွင်းမှာ ထူးထူးခြားခြားခြေစွမ်းပြခဲတဲ့့ ကစားသမားရှိခဲ့ပါတယ်။ သူကတော့ အတ္တလန္တာအသင်းက ကွင်းလယ်တိုက်စစ်ကစားသမားဂျိုးဆက်အီလီချစ်ပါပဲ။ အီလီချစ်က အဲဒီကာလအတွင်းမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး မက်စ်တဲလားမှာ ဗလန်စီယာကို တစ်ပွဲတည်းနဲ့ ၄ ဂိုးသွင်းယူနိုင်မှုလည်း ပါဝင်ခဲ့ပါတယ်။ ဟာလန်း နဲ့ ရော်နယ်ဒိုတို့က ၂၀၂၀ စကတည်းက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီးတော့ တစ်ဦးကို ၁၁ဂိုးစီ ရရှိခဲ့ပါတယ်။ ယန်အော့ဘလက်ခ်ကလည်း လီဗာပူးလ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာစေခဲ့တဲ့အထိ လက်စွမ်းပြခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်မှာ မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပါတယ်။ 


အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆု - အီဂါလို

အီဂါလိုက ဇန်နဝါရီကာလမှာပဲ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ လေးဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ LASK နဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ ဂိုးက တော်တော်လေးအဆင့်မြင့်ခဲ့ပြီးတော့ ယူနိုက်တက်ပရိသတ်တွေ သူ့ကိုအသင်းမှာ ဆက်ရှိနေစေချင်ခဲ့တာက အံ့အားသင့်စရာတော့ မဟုတ်ခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့မှာ ဂျော်ဒန်အယူးခြေစွမ်းပြနေပြီး အာဆင်နယ်အတွက်လည်း အော်ဘာမီယန်က ဂိုးတွေအများကြီးသွင်းယူပြနေခဲ့ပါတယ်။ ဒါပေမယ့် အီဂါလိုရဲ့ ခြေစွမ်းက ဒီဆုကိုရရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်ရပါတယ်။ 


အခြားဥရောပထိပ်တန်းလိဂ်များ

မက်ဆီ - မက်ဆီက လာလီဂါမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ အီမိုဘီလီက စီးရီးအေသွင်းဂိုး ၂၇ ဂိုးရရှိထားပြီး ဥရောပရွှေဖိနပ်ဆုအတွက်ပါ အခြေအနေကောင်းနေခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာဆိုရင် လီဝန်ဒေါစကီး၊ တီမိုဝါနာ နဲ့ ဂျေဒန်ဆန်ချိုတို့ အစွမ်းကုန်တောက်ပခဲ့ကြပါတယ်။ လီဝန်ဒေါစကီးက ၂၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဖြစ်နေတာပါ။ ပြင်သစ်လိဂ်မှာ ဘင်ယက်ဒါက ၁၈ ဂိုးရရှိထားပြီး ပီအက်စ်ဂျီကစားသမားတွေကို နောက်ကောက်ချနိုင်ဖွယ်ရှိနေပါတယ်။ 


က္က