စပို့တင်းလစ္စဘွန်းအသင်းကနေ ၂၀၀၃ ခုနှစ်မှာ ခေါ်ယူခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ တပည့်ဟောင်း ခရစ်စတီယာနိုရော်နယ်ဒိုကို ကြည်နူးဖွယ် ဂုဏ်ပြုစကား ပေးပို့ခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ခရစ်တီယာနိုရော်နယ်ဒိုဟာ ယခုနွေရာသီမှာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ဥရောပနေးရှင်းလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ပေါ်တူဂီရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုုကို ဆယ်ကြိမ်မြောက် စံချိန်တင်ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျာအိုဖီလစ်၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်နီဗက်စ်၊ ဘရူနိုဖာနန်ဒက်စ်တို့ကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ် ၄ နှစ်ဆက်တိုက် ဆုရရှိခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော် ၅ ဆုရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဂျူဗင်တပ်အသင်းကိုလည်း ၈ နှစ်ဆက်တိုုက် စီးရီးအေဖလားရရှိအောင် ကူညီပေးခဲ့သူဖြစ်ပြီး အီတလီကို ရောက်ရောက်ချင်းပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လက်အောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကမ္ဘာကျော်ကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ဖာဂူဆန်က ၂၀၀၃ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရော်နယ်ဒိုကို ခေါ်ယူမြေတောင်မြှောက်ပေးခဲ့တာဖြစ်ပါတယ်။

“ကြီးမားတဲ့အောင်မြင်မှုအတွက်နဲ့ ပေါ်တူဂီမှာ မင်းရရှိခဲ့တဲ့ အံ့အားသင့်ဖွယ်ညအတွက် ဂုဏ်ပြုပါတယ်”

“မင်းနဲ့ အတူမရှိနိုင်တဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် ငါ နောက်ကို ပြန်လှည့်ကြည့်လိုက်တိုင်း မန်ချက်စတာယူနိုက်တက်ကို အသက် ၁၇ နှစ်အရွယ်မှာ ရောက်လာတဲ့ ငယ်ရွယ်တဲ့ချာတိတ်လေးက လူသားတစ်ဦးအနေနဲ့ရော အားကစားသမားတစ်ဦးအဖြစ်နဲ့ပါ တိုးတက်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်”

“ငါ မင်းရယ်၊ မင်းအမေရယ်၊ မင်းရဲ့မိသားစုအားလုံးရယ်၊ မင်းရဲ့ကလေးတွေအားလုံးကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်လို့ ပြောချင်ပါတယ်”

“မင်းကို သိခဲ့ရတဲ့အတွက်၊ အလုပ်အတူ လုပ်ခဲ့ရတဲ့အတွက်၊ ဘောလုံးသမားတစ်ယောက်အနေနဲ့ မင်း တိုးတက်လာခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အတွက် ငါ့မှာ လုံးဝကို စိတ်ချမ်းမြေ့စရာဖြစ်ခဲ့ပါတယ်”

“အဲဒီတော့ ကံကောင်းပါစေ။ ကောင်းမွန်တဲ့ညတစ်ညဖြစ်ပါစေ။ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”လို့ ဆုပေးပွဲအတွက် ပေးပို့ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့ပါတယ်။



က္က