အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲကို လက်ခံကျင်းပနေတဲ့ အိမ်ရှင်ဘရာဇီးလ်နိုင်ငံက ဘောလုံးကွင်းမျက်နှာပြင်အခြေအနေကြောင့် ခြေစွမ်းမပြသနိုင်တာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Sportskeeda ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဂျင်တီးနားအသင်းဟာ ယမန်နေ့ညက ဗင်နီဇွဲလားအသင်းကို မာတီနက်ဇ်၊ လိုဆယ်ဆိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိပြီး ကိုပါအမေရိက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဂျင်တီးနားကြယ်ပွင့် မက်ဆီဟာ ကိုပါအမေရိကပွဲစဉ် ၄ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူနိုင်သေးပြီး ယင်းဂိုးဟာ ပါရာဂွေးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားပရိသတ်တွေဟာ လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့အချိန်တိုင်း ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတတ်တဲ့ မက်ဆီကြောင့် မပျော်မရွှင်ဖြစ်နေပြီး မက်ဆီကလည်း ဘရာဇီးလ်က ကွင်းအခြေအနေကြောင့် စိတ်ပျက်နေတာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့အကောင်းဆုံးကိုပါအမေရိကပြိုင်ပွဲ မဟုတ်ပါဘူး”
“အမှန်က ကွင်းမျက်နှာပြင်အခြေအနေက အရှက်ရစရာပါပဲ။ ဘောလုံးကို ထိန်းပြီး သယ်ဆောင်ဖို့ အရမ်းခက်ခဲပါတယ်။ ဘောလုံးကို ကြည့်ရတာက ယုန်တစ်ကောင်လိုမျိုး ခုန်ပေါက်နေပြီး တစ်ကွင်းလုံး ဟိုခုန်ဒီခုန်နဲ့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်တာက အဲဒါနဲ့ အသားကျအောင်လုပ်ဖို့ပါပဲ”
“ကွင်းအခြေအနေက စိတ်ပျက်စရာပါ။ ကျွန်တော်တို့ကို ဘောလုံးပိုင်ဆိုင်မှုရအောင် အကူအညီမပေးနိုင်ဘဲ ဘောလုံးက အရမ်းခုန်နေတော့ ဘောလုံးယူဖို့တောင် ခဏလောက် စောင့်ရပါသေးတယ်”
“ဒါပေမယ့် ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ကြောင်း Sportsbible က ဖော်ပြခဲ့ပါတယ်။