ရိုးမားကနေ လီဗာပူးလ်ကို ပေါင် (၆၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်စွမ်းပြနေခဲ့တဲ့ အယ်လစ်ဆန်အတွက် ထူးခြားတဲ့စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဘရာဖီးလ်ဂိုးသမား အယ်လစ်ဆန်ဟာ ဘောလုံးသမိုင်းမှာ တစ်ရာသီအတွင်း ရွှေလက်အိတ်ဆု (၃)ခုအထိ ရရှိခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ရိုးမားကနေ လီဗာပူးလ်ကို ပေါင် (၆၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်စွမ်းပြနေခဲ့တဲ့ အယ်လစ်ဆန်အတွက် ထူးခြားတဲ့စံချိန်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ အယ်လစ်ဆန်က လီဗာပူးလ်အတွက် ပေးဂိုးမရှိပွဲ (၂၁)ပွဲအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဘယ်ဂိုးသမားထက်မဆို ပေးဂိုးမရှိပွဲ ပိုမိုများပြားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီအတွက် အယ်လစ်ဆန်ဟာ ရွှေလက်အိတ်ဆု(၂)ခုကို ဆွတ်ခူးထားနိုင်ခဲ့ပြီး လက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပွဲ (၅)ပွဲကစားခဲ့ပြီးရာမှာ ပေးဂိုးတစ်ဂိုးမှမရှိသေးပဲ ဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ပီရူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အယ်လစ်ဆန်အနေနဲ့ ဂိုးပေးခဲ့ရရင်တောင်မှ ရွှေလက်အိတ်ဆုကို ရရှိဦးမှာဖြစ်လို့ တစ်ရာသီအတွင်းမှာ ရွှေလက်အိတ်ဆု (၃)ခုအထိ ဆွတ်ခူးနိုင်မယ့် ဂိုးသမားဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အယ်လစ်ဆန်ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲဆက်တိုက် ဂိုးမပေးရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး အယ်လစ်ဆန်ကို နောက်ဆုံးအနေနဲ့ ဂိုးသွင်းနိုင်ခဲ့တဲ့အသင်းကတော့ နယူးကာဆယ်ယူနိုက်တက်အသင်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ နောက်တန်းခံစစ်ကြောင်းမှာ ခံစစ်မှူးဗန်ဒိုက်နဲ့ အယ်လစ်ဆန်တို့က အဓိကနေရာကနေ ပါဝင်ခဲ့ကြပါတယ်။
နာမည်ကျော်ဂိုးသမားတွေဖြစ်တဲ့ ဘတ်ဖွန်၊ နူအာ၊ ဒီဂီယာ နဲ့ အခြားဂိုးသမားတွေ မစွမ်းဆောင်နိုင်ခဲ့မှုကို အယ်လစ်ဆန်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် နိုင်ငံအသင်းနဲ့လည်း ကိုပါအမေရိကဖလားကို အယ်လစ်ဆန်က ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နိုင်နေပြီလည်း ဖြစ်ပါတယ်။