တကယ်ကန်နေသလိုပုံစံ၊ ဂိမ်းတွေ ကစားပေးတာပါ။
Pyae Phyo Thein

ကလပ်အသင်းတွေအနေနဲ့ သူတို့ပရိသတ်တွေ အပေါ် ဘယ်လောက်ထိလေးစားမှုရှိလဲဆိုတာကိုပါ ပြသနိုင်ခဲ့လို့ ချီးကျူးချင်စရာလုပ်ရပ်တစ်ခုဖြစ်ခဲ့ရပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပလိဂ်ပွဲစဉ်တွေကို ရပ်နားထားရချိန်မှာတော့ ရက်သတ္တပတ်တိုင်းဘောလုံးပွဲတွေရဲ့ စည်ကားမှုနဲ့ သက်ဝင်လှုပ်ရှားနေခဲ့ရတဲ့ ဘောလုံးပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာနေ့ရက်တွေဖြစ်လာခဲ့ရပါတယ်။ ပရိသတ်အများစုကလည်း ဘောလုံးပွဲတွေမရှိတဲ့အခြေအနေမှာ စိတ်မကောင်းဖြစ်ရတယ်လို့ သူတို့ရဲ့ခံစားချက်တွေကို ဖွင့်ထုတ်ခဲ့ကြပါတယ်။ 

ဒါပေမယ့်လည်း ပရိသတ်တွေကို ဖျော်ဖြေမှုတွေပြုလုပ်ပေးသွားဖို့ ကလပ်အသင်းတချို့က ရည်ရွယ်ဖန်တီးမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ စပိန်ကလပ်လီဂါနက်စ်အသင်းဟာ ပွဲစဉ်တွေမရပ်နားခဲ့ဘူးဆိုရင် ဗယ်လာဒိုလစ်နဲ့ လာလီဂါပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ ဒီအတွက် ရပ်နားထားချိန်မှာ အသင်းပရိသတ်တွေအတွက် ဗယ်လာဒိုလစ်နဲ့ ယှဉ်ပြိုင်ကစားနေတဲ့ပုံစံမျိုးကို သူတို့ရဲ့ တွစ်တာပေါ်ကနေ တင်ဆက်ပေးခဲ့ပါတယ်။ 

ပွဲကစားချိန်အတွင်းမှာ ဖြစ်ပျက်လေ့ရှိတဲ့ သွင်းဂိုးတွေ၊ ရလဒ်တွေ၊ VAR ဆုံးဖြတ်ချက်တွေနဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲအစရှိတာတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ ဖန်တီးပေးခဲ့ပြီးတော့ သူတို့အသင်းက ၂-၁ နဲ့ အနိုင်ရရှိခဲ့တယ်ဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ကာ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ကာ ဘောလုံးပွဲရှိတဲ့နေ့ရက်တစ်ရက်ကို ဖြတ်သန်းရသလို ဖန်တီးပေးခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းကလည်း နော်ဝှစ်ချ်နဲ့ကစားရမယ့် ပွဲကို မကစားရတာကြောင့် တွစ်တာကတဆင့် ဂိမ်းကစားဖို့ နော်ဝှစ်ချ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝှစ်ချ်အသင်းက ပါဝင်ကစားဖို့ တုံ့ပြန်ခဲ့ခြင်းမရှိတာကြောင့် ဆောက်သမ်တန်အသင်းအခက်တွေ့ခဲ့ရပေမယ့် မန်စီးတီးက ပါဝင်ယှဉ်ပြိုင်ပေးသွားခဲ့ပါတယ်။ 

အဆိုပါအသင်းနှစ်သင်းဟာ Noughts and Crosses ဂိမ်းကို လူမှုကွန်ရက်ပေါ်မှာ ကစားပေးခဲ့ကြပြီး ပရိသတ်တွေကို အပျင်းပြေစေခဲ့ပါတယ်။ အနိုင်အရှုံးတော့ အဖြေမပေါ်ခဲ့ပေမယ့် ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ရပြီး ကလပ်အသင်းတွေအနေနဲ့ သူတို့ပရိသတ်တွေ အပေါ် ဘယ်လောက်ထိလေးစားမှုရှိလဲဆိုတာကိုပါ ပြသနိုင်ခဲ့လို့ ချီးကျူးချင်စရာလုပ်ရပ်တစ်ခုဖြစ်ခဲ့ရပါတယ်။ 


က္က