အသင်းအားလုံးကို တစ်မြို့တည်းမှာပဲ နေထိုင်စေမှာပါ။
Pyae Phyo Thein

ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတစ်ခုအဖြစ် စီးရီးအေအသင်းအားလုံးကို ရောမမြို့ကို လာရောက်အခြေစိုက်စေပြီး ၄၅ ရက်အတွင်းမှာ အပြီးသတ်ကစားစေဖို့ စီစဉ်နေကြာင်း သိရပါတယ်။


စီးရီးအေအဖွဲ့ချုပ်အကြီးအကဲတွေဟာ လက်ကျန်ပွဲစဉ်ပေါင်း ၁၂ပွဲကို ရောမမြို့တစ်မြို့တည်းမှာပဲ ကျင်းပသွားဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ La Repubblica ရဲ့ ဖော်ပြချက်အရ အီတလီဘောလုံးအဖွဲ့ချုပ်ကလည်း အရင်က တစ်ခါမှမလုပ်ဖူးတဲ့ပုံစံမျိုးနဲ့ လက်ရှိဘောလုံးရာသီကို အပြီးသတ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အီတလီဘောလုံးလောကဟာ အကြီးအကျယ်ထိုးနှက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိဘောလုံးရာသီကို အပြီးတိုင်ဆက်လက်ကစားသွားစေဖို့အတွက် ဘောလုံးပြက္ခဒိန်အသစ်တစ်ခုကို အီတလီဘောလုံးအဖွဲ့ချုပ်က ရေးဆွဲဖို့အတွက် စီးရီးအေအဖွဲ့ချုပ်ကို တွန်းအားပေးနေတာလည်းဖြစ်ပါတယ်။

ဒီအတွက်ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတစ်ခုအဖြစ် စီးရီးအေအသင်းအားလုံးကို ရောမမြို့ကို လာရောက်အခြေစိုက်စေပြီး ၄၅ ရက်အတွင်းမှာ အပြီးသတ်ကစားစေဖို့ စီစဉ်နေကြာင်း သိရပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ ပွဲစဉ်တွေကို လုံခြုံရေးအပြည့်အဝရယူထားတဲ့ အခြေအနေတစ်ခုမှာ ပရိသတ်လုံးဝမပါဘဲ ကစားသွားဖို့ကိုလည်း တိုင်ပင်နေကြပါတယ်။ 

ကစားသမားတွေနဲ့ ဝန်ထမ်းတွေကိုလည်း ပုံမှန်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး သတင်းထောက်တွေကိုလည်း တက်ရောက်ခွင့်မပြုဖို့အတွက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါဟာ အသင်းတွေရဲ့ ခရီးသွားလာမှုကိုလည်း ထိန်းချုပ်ကန့်သတ်နိုင်မှာဖြစ်သလို ကလပ်အသင်းပြင်ပမှာ ထိတွေ့ဆက်ဆံမှုနည်းပါးဖို့ကိုလည်း လျှော့ချပစ်လိုက်နိုင်မယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ 

ဒီလိုဆောင်ရွက်မယ့်အစီအစဉ်မှာ ဒိုင်လူကြီးတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးထားတယ်လို့ သိရပါတယ်။ အီတလီတောင်ပိုင်းမှာ ဗိုင်းရပ်စ်ပြသနာဆိုးဝါးနေခဲ့ပေမယ့်လည်း သက်ရောက်မှုနည်းပါးခဲ့တဲ့ ဒေသတစ်ခုမှာ ကစားတာက အန္တရာယ်အကင်းဆုံးဖြစ်လိမ့်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပြီး ပွဲစဉ်တွေမှာ VAR စနစ် ထည့်သွင်းသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုုံးအချက်ကတော့ ဒီနည်းလမ်းကို အသင်းအားလုံးက သဘောတူညီဖို့ဖြစ်ပြီး လက်ရှိမှာ ဆွေးနွေးတိုင်ပင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။ 


က္က