ဒီနေ့မှာတော့ အက်သလက်တီကိုမက်ဒရစ် နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ကစားတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အတွက် စမ်းသပ်မှုက (၁၆)သင်းအဆင့်မှာ စတင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်နေပြီးမှ လွဲချော်နေခဲ့တဲ့ ဂျူဗီအတွက် ဒီနှစ်မှာ ချန်ပီယံလိဂ်ဖလားက အဓိကပစ်မှတ်လည်း ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်ဘောလုံးရာသီ နောက်ဆုံး (၄)ရာသီအတွင်းမှာ ဂျူဗင်တပ်စ်က ဗိုလ်လုပွဲကို (၂)ကြိမ်တက်ရောက်နိုင်ခဲ့ပြီး (၂)ကြိမ်စလုံးမှာ အရေးနိမ့်ခဲ့ပါတယ်။ တိုက်ဆိုင်တာတစ်ခုက ဂျူဗီ အရေးနိမ့်ခဲ့တဲ့အသင်းတွေက စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ် နဲ့ ဘာစီလိုနာတို့ ဖြစ်နေတာပါပဲ။
စီးရီးအေမှာ ပြိုင်ဘက်မရှိ မင်းမူနေနိုင်ခဲ့ပေမယ့် ဥရောပချန်ပီယံလိဂ်ဖလားကို မရရှိတာ (၂၂)နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ စီးရီးအေဘီလူးကြီးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရရှိဖို့ အသင်းကို အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ရီးရဲလ်မက်ဒရစ်က နာမည်ကျော်တိုက်စစ်မှူး ရော်နယ်ဒိုကို ဝယ်ယူခဲ့တာပါ။ အသက် (၃၃)နှစ်အရွယ် ကစားသမားတစ်ဦးအတွက် ဂျူဗီက ယူရို(၁၁၇)သန်း အထိ ပေးချေခဲ့တာပါ။
ဒါက အပြောင်းအရွှေ့ဈေးကွက်မှာ ဖျံကျလွန်းပြီး ပြိုင်ဘက်အသင်းကစားသမားတွေကို ပြောင်းရွှေ့ကြေးတစ်ပြား တစ်ချပ်မှ မပေးချေပဲ ခေါ်ယူနိုင်ဖို့ အကောင်အထည်ဖော်လေ့ရှိတဲ့ ဂျူဗီရဲ့ ပေါ်လစီနဲ့တော့ တော်တော်လေးကွဲပြားနေခဲ့ပါတယ်။ ဒါကိုကပဲ ဂျူဗီရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ထင်ရှားနေပါတယ်။ သူတို့အတွက် စီးရီးအေဖလားဆွတ်ခူးဖို့လောက်က ရော်နယ်ဒိုလို ကစားသမားကို မလိုအပ်ပဲ ရှိရင်းစွဲ ကစားသမားနဲ့တင် အကောင်အထည်ဖော်နေနိုင်တာပါ။
ရီးရဲလ်ကနေ ရော်နယ်ဒိုက ထွက်ခွာချင်နေပြီး အသင်းသစ်အဖြစ် ဂျူဗီကို ရွေးချယ်ထားတယ်လို့ ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ဘက်က ကမ်းလှမ်းခဲ့ချိန်မှာ ဂျူဗီက ဒီအပြောင်းအရွှေ့ကို ခပ်သွက်သွက်ပဲ လှုပ်ရှားခဲ့ပြီး ရော်နယ်ဒိုကို အရခေါ်ယူလိုက်နိုင်ပါတယ်။ ချန်ပီၤယံလိဂ်မှာ မှော်ဆရာတစ်ယောက်လို ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်အပြီးမှာ ဂျူဗီရဲ့ ချန်ပီယံလိဂ်သရဖူဆောင်းရေးအိပ်မက်က ပိုပြီးပီပြင်လာပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်ဘက်ကို overhead kick နဲ့ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုက အခုတော့ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ဖလားကို အရယူပေးရပါတော့မယ်။ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား၊ စုစုပေါင်းဖလား (၅)ကြိမ် ရရှိခဲ့တဲ့ ရော်နယ်ဒိုအတွက်လည်း မတူညီတဲ့ အသင်း (၃)သင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ထားပါတယ်။
ရော်နယ်ဒိုကို ခေါ်ယူပြီး ချန်ပီယံလိဂ်ဖလားအတွက် ဂျူဗီရင်းနှိးထားရတဲ့ ငွေကြေးက ယူရို ၃၄၁ သန်းအထိရှိပါတယ်။ ပြောင်းရွှေ့ကြေး ယူရို ၁၁၇ သန်း နဲ့ ကစားသမားရဲ့ (၄)နှစ်စာ လုပ်ခလစာက ယူရို ၂၂၄သန်းအထိ ရှိနေလို့ ကိန်းဂဏန်းတန်ဖိုးအားဖြင့် တော်တော်လေးကြီးမားနေပါတယ်။ ရော်နယ်ဒိုက ဂျူဗီမှာ ခြေစွမ်းပြကစားနေပေမယ့်လည်း စီးရီးအေမှာ သွင်းဂိုး (၁၉)ဂိုး ရရှိထားပြီး ချန်ပီၤယံလိဂ်သွင်းဂိုးက (၁)ဂိုးတည်းသာ ရှိပါသေးတယ်။
ချန်ပီယံလိဂ်ပွဲ (၅)ပွဲကစားပေးထားပြီး (၁)ဂိုးသာ ရရှိထားတာက ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒိုရဲ့ စစ်မှန်တဲ့ ပုံစံလည်း မဟုတ်ပါဘူး။ ဒီအတွက် ရော်နယ်ဒိုက ချန်ပီယံလိဂ်မှာ ဒီထက် ခြေစွမ်းပြဖို့ လိုအပ်နေပါတယ်။ ၁၆သင်းအဆင့်မှာ ရင်ဆိုင်ရမယ့် အက်သလက်တီကိုမက်ဒရစ်ဆိုတာကလည်း ရီးရဲလ်ကစားသမားဘဝမှာ ရော်နယ်ဒို ဂိုးအများအပြားသွင်းယူထားတဲ့ အသင်းဖြစ်ပါတယ်။
စုစုပေါင်း အကြိမ် (၃၀)အထိ ရင်ဆိုင်ထားဖူးပြီးတော့ ရော်နယ်ဒိုဘက်က (၁၅)ပွဲနိုင်၊ (၈)ပွဲရှုံးပြီး (၇)ကြိမ်သရေကျထားပါတယ်။ စုစုပေါင်း (၂၁)ဂိုးသွင်းယူထားပြီး (၈)ကြိမ်ဂိုးဖန်တီးပေးထားနိုင်ကာ အနီကတ်တစ်ကြိမ်ထိထားခဲ့ပါတယ်။ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပွဲပေါင်း (၃၀)မှာ ရော်နယ်ဒိုက သွင်းဂိုးပေါင်း (၂၉)ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပြီး အက်သလက်တီကိုနဲ့တွေ့တိုင်းမှာ တစ်ပွဲကို တစ်ဂိုးနှုန်း (သို့) ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားတာကို တွေ့ရမှာပါ။ ဒါက မက်ဒရစ်မှာ သွားကစားရမယ့် ဂျူဗီအတွက် အားတက်စရာ ဖြစ်နေပါတယ်။ နောက်ထပ် အချက်တစ်ချက်ကတော့ ရော်နယ်ဒိုရဲ့ ရှုံးထွက်အဆင့်သွင်းဂိုးမှတ်တမ်းပါ။
ရှုံးထွက်အဆင့်တွေမှာ ရော်နယ်ဒိုက ကစားသမားဘ၀ စုစုပေါင်း ဂိုး (၆၀)အထိ သွင်းယူထားပါတယ်။ အနီးကပ်ဆုံးပြိုင်ဘက်မက်ဆီတောင်မှ ဂိုးပေါင်း (၄၀)ပဲ သွင်းယူထားနိုင်လို့ ရော်နယ်ဒိုရဲ့ ရှုံးထွက်အဆင့်မှတ်တမ်းက ဘယ်လောက်ထိမြင့်မားလဲ သိသာနိုင်ပါတယ်။ ဒီအတွက် (၁၆)သင်းအဆင့်မှာ ရော်နယ်ဒိုဆီက သွင်းဂိုးတွေကို ဂျူဗီတိ့ု ပိုပြီးမျှော်လင့်နေတာ မဆန်းပါဘူး။
အက်သလက်တီကိုနဲ့ပွဲမှာ ရော်နယ်ဒိုက သွင်းဂိုး (သို့) ဂိုးဖန်တီးမှု သေချာပေါက်ပြုလုပ်ပေးနိုင်ဖွယ်ရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ချန်ပီယံလိဂ်ဖလားအိပ်မက်ကို ရော်နယ်ဒို ဘယ်လိုအသက်သွင်းပေးမလဲဆိုတာမြင်ရဖို့ ၊ အိုးလေဒီတို့ရဲ့ ချန်ပီယံလိဂ်သရဖူဆောင်းရေး ခရီးကြမ်းကြီးက ဒီနေ့မှာ စတင်ပါတော့မယ်။ ဘယ်လိုပုံစံမျိုးနဲ့ ရောက်ရှိအောင် သွားနိုင်မလဲဆိုတာကတော့...။