ရော်နယ်ဒို အနီကတ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ချိန်မှာ ဒီဘာလာက ခြေစွမ်းပြခဲ့ပြီး အိမ်ကွင်းမှာပဲ ဂျူဗီတို့ ဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။ အစစအရာရာ ကွာခြားလွန်းတဲ့ အသင်းနှစ်သင်းတွေ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်က တစ်ဖက်သတ်ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပြတ်ရလာဒ်ယူနိုင်ခဲ့တာမို့ အုပ်စုက တက်နိုင်ဖို့ အလားအလာကောင်းသွားခဲ့ပါပြီ။
ရော်နယ်ဒို မပါဝင်တဲ့ ဂျူဗီကို အယ်လီဂရီက ၃-၅-၂ ကစားကွက်နဲ့ ပြင်ဆင်ခဲ့ပြီး ရှေ့တန်းမှာ ဒီဘာလာ၊ မန်ဇူကစ် နဲ့ ဘာနာဒက်ခီတို့ ပါဝင်ခဲ့ပါတယ်။ ဆန်ဒရို နဲ့ ကွာဒရာဒိုတို့ကတော့ Wing Back တွေအဖြစ် ကစားပေးခဲ့ပြီး ခံစစ်၊ တိုက်စစ်ကို တောင်ပံတွေတစ်လျှောက် ကစားခဲ့ပြီး ယန်းဘွိုင်းကို ဖိအားပေးခဲ့တာပါ။
ယန်းဘွိုင်းအနေနဲ့ ဒီအုပ်စုမှာ အိမ်ဖြည့်အသင်းသာသာအဆင့်သာ ရှိနေခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဟက်ထရစ်ရရှိခဲ့တဲ့ ဒီဘာလာကတော့ ချန်ပီယံလိဂ်မှာ (၄)ဦးမြောက် ဟက်ထရစ်သွင်းယူနိုင်တဲ့ အာဂျင်တီးနား ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပွဲအစ (၅)မိနစ်မှာကတည်းက ဘိုနူချီရဲ့ ဖန်တီးပေးမှုကတဆင့် ဒီဘာလာက ဂိုးသွင်းနီုင်ခဲ့တာပါ။ (၃၃)မိနစ်မှာ မာတွီဒီက ဖန်တီးပေးခဲ့ပြီး ဒီဘာလာပဲ အဆုံးသတ်ခဲ့လို့ ဂျူဗင်တပ်စ် ဒုတိယဂိုး ရရှိခဲ့ပြီး (၆၉)မိနစ်မှာတော့ ဒီဘာလာအတွက် ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးကို ကွာဒရာဒိုက ဖန်တီးပေးခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကတော့ (၂)ပွဲဆက် နိုင်ပွဲရခဲ့ပြီး အုပ်စုကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို မရှိချိန်မှာ ဒီဘာလာရဲ့ ခြေစွမ်းက အယ်လီဂရီအတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး တိုက်စစ်အတွက် စိုးရိမ်စရာမရှိတဲ့ အနေအထားကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီဘာလာကတော့ ဂျူဗင်တပ်စ်အတွက် အမြဲတမ်း အသင့်ရှိနေတယ်လို့ သက်သေပြသွားခဲ့ပြီး အသင်းတိုက်စစ်ကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။