စက်တင်ဘာလ (၂၃)ရက်နေ့မှာ ဘယ်သူရမလဲ သိခွင့်ရတော့မှာပါ။
Pyae Phyo Thein

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ပြီး ယမန်နှစ်က ဆုရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်ကတော့ ပါဝင်လာခဲ့ခြင်းမရှိတော့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဖီဖာက (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) သီးသန့်ပေးအပ်နေတဲ့ The Best 2019 ဆုအတွက် ဆန်ခါတင်စာရင်းကို မနေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်ကတော့ ပါဝင်လာခဲ့ခြင်းမရှိတော့တာကို တွေ့မြင်ခဲ့ရပါတယ်။



၂၀၁၆ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တဲ့ ဒီဆုကို ရော်နယ်ဒိုက ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာ နှစ်နှစ်ဆက်တိုက်ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ မိုဒရစ်က ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဆန်ခါတင်ကစားသမား (၁၀)ဦးမှာ ကွင်းလယ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေ အများစုရွေးချယ်ခံခဲ့ရပြီး ဘာနာဒိုဆေးလ်ဗားနဲ့ အယ်လစ်ဆန်ဘက်ကာတို့ မပါဝင်ခဲ့လို့ အံ့အားသင့်မှုတွေဖြစ်ခဲ့ကြရပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ထူးခြားမှုအနေနဲ့ကတော့ ရွေးချယ်ခံထားရတဲ့ ကစားသမား (၁၀)ဦးမှာ သက်ဆိုင်ရာအသင်းနဲ့အတူ ဆုဖလားမရရှိတဲ့ ကစားသမားတစ်ဦးတည်းသာ ပါဝင်နေခဲ့ပြီး တော့တင်ဟမ်တိုက်စစ်မှူးဟယ်ရီကိန်းက ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ရွေးချယ်ခံထားရတဲ့ ကစားသမားတွေကတော့ ရော်နယ်ဒို၊ မက်ဆီ၊ ဒီဂျောင်၊ ဒီလစ်၊ ဆာလာ၊ မာနေး၊ ဗန်ဒိုက်၊ ဟာဇက်၊ ကိုင်လီယန်ဘတ်ပီတို့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကစားသမား (၅)ဦးအထိ ပါဝင်နေပြီး လိဂ်အလိုက်ကစားသမားအများဆုံးအဖြစ် ပါဝင်နေသလို လီဗာပူးလ်ကစားသမား (၃)ဦးအထိ ပါဝင်နေပြီး ကလပ်အသင်းအလိုက်အများဆုံးပါဝင်နေတာ ဖြစ်ပါတယ်။ လူငယ်ကစားသမား (၃)ဦးဖြစ်တဲ့ ဒီဂျောင်၊ ဒီလစ် နဲ့ ဘတ်ပီတို့က နာမည်ကျော်ထိပ်တန်းကစားသမားတွေနဲ့ အပြိုင်အဆိုင်ရွေးချယ်ခံရဖို့ ရှိနေခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ပရိသတ်တစ်ဦးကို တစ်ကြိမ် ဆန္ဒမဲပေးခွင့်ရရှိမှာဖြစ်ပြီး နှစ်သက်ရာကစားသမားကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဆုရရှိတဲ့ကစားသမားကိုတော့ အီတလီနိုင်ငံ၊ မီလန်မြို့မှာ စက်တင်ဘာလ (၂၃)ရက်နေ့မှာ ကြေညာသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က