အသင်းဖော်ဟောင်းရဲ့အပြောင်းအရွှေ့ကို သုံးသပ်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်က အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ အားလုံးကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်က အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ အားလုံးကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပါဝင်ခဲ့သူအားလုံးအတွက် အကျိုးအမြတ်ရှိခဲ့တယ်လို့ ခရူးစ်က ယူဆခဲ့တာလည်း ဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီအစက ရီးရဲလ်ကနေ ဂျူဗီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မှာ (၉)နှစ်ကြာ ကစားခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရော်နယ်ဒိုက အသင်းသစ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဂျူဗီကို ရောက်ပြီးတစ်နှစ်အတွင်းမှာပဲ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကာ စီးရီးအေအမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မှာ အသင်းဖော်တွေအဖြစ် ရှိခဲ့ဖူးတဲ့ ခရူးစ်က SportBild နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်အခက်တွေ့ခဲ့ရတာကို အံ့အားသင့်မှုမရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဂျာမနီလက်ရွေးစင်ကစားသမားက ဒီအပြောင်းအရွှေ့ဟာ အားလုံးအတွက် အကျိုးကျေးဇူးရှိပြီး ပျော်ရွှင်စရာဖြစ်ခဲ့ရတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

"ရော်နယ်ဒိုလို ကစားသမားမျိုးကို ဆုံးရှုံးလိုက်ရတာက တော်တော်လေးတော့ ခံစားရခက်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်၊ သူက ပွဲအများအပြားကို သူ့ရဲ့သွင်းဂိုးတွေနဲ့ အဆုံးအဖြတ်ပေးခဲ့သူပါ၊ ဒါပေမယ့်လည်း သူ့ရဲ့အပြောင်းအရွှေ့ကတော့ အားလုံးကို ပျော်ရွှင်စေခဲ့ပါတယ်၊ သူက အတွေ့အကြုံသစ်လိုချင်ခဲ့သလို ရီးရဲလ်ကလည်း ငွေကြေးအများအပြားရရှိခဲ့ပါတယ်" လို့ ခရူးစ်က ပြောခဲ့ပါတယ်။

ခရူးစ်ကတော့ ဘာနေဗျူးကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အဓိကကွင်းလယ်လူအဖြစ် နှစ်အတန်ကြာကစားပေးခဲ့သူ ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်ရရှိအောင် အတူတူစွမ်းဆောင်ပေးနိုင်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က