ဆမ်ဒိုးရီးယားအသင်းကို ဂျူဗင်တပ်စ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ရော်နယ်ဒို တစ်ဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကြောင့်လည်း ဂျူဗင်တပ်စ်အသင်းဟာ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး စီးရီးအေအမှတ်ပေးဇယားကိုလည်း ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။
အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ရီးရဲလ်အတွက် (၂၈) ဂိုးသွင်းယူခဲ့ပါတယ်။ သူ့နောက်မှာ ဘန်ဇီမာက (၂၇) ဂိုး သွင်းယူခဲ့ကာ ဂါရတ်ဘေးလ်က (၁၈)ဂိုးနဲ့ ရပ်တည်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းနှုန်းက ရပ်တန့်မသွားခဲ့ပဲ ခြေစွမ်းပြဂိုးသွင်းနိုင်ဆဲ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အတွက် ၂၀၁၈ ခုနှစ်အတွင်းမှာ ဒီဘာလာက သွင်းဂိုး (၁၆)ဂိုး ရှိခဲ့ပြီး ရော်နယ်ဒိုက တစ်ဂိုးအကွာ (၁၅)ဂိုးနဲ့ ရှိနေခဲ့ပါတယ်။ သူတို့နှစ်ဦးနောက်မှာတော့ မန်ဇူကစ်က (၁၃)ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ Opta Sports ရဲ့ ဖော်ပြချက်အရလည်း ဆမ်ဒိုးရိးယားအသင်းကို (၂)ဂိုးသွင်းခဲ့ပြီးနောက်မှာ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၁၈ အတွင်းမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၀၀)အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်ကို ရောက်ရှိခဲ့တာဟာ ရာသီဝက်ပဲ ရှိနေသေးပေမယ့် ၂၀၁၈ ခုနှစ်အတွင်း အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာ နံပါတ် (၂)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီဘာလာနဲ့ တစ်ဂိုးသာ ကွာဟခဲ့တာဖြစ်လို့လည်း သူ့ရဲ့ ဂျူဗင်တပ်စ်မှာ ပြသနေတဲ့ ဂိုးသွင်းခြေစွမ်းက အထင်ကြီးစရာဖြစ်နေခဲ့တယ်လို့ Sportbible က ရေးသားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး (၅၀၀၀)ပြည့်ဂိုးကိုလည်း ရော်နယ်ဒိုက သွင်းယူပေးခဲ့သလို ၂၀၁၈ တစ်နှစ်အတွင်း သွင်းဂိုး (၁၀၀) ပြည့်မြောက်အောင်လည်း သူ့ရဲ့ သွင်းဂိုး (၂)ဂိုးက အားဖြည့်ပေးနိုင်ခဲ့ပါတယ်။ စီးရီးအေပွဲစဉ် (၁၉)ပွဲကစားအပြီး (၁၇)ပွဲအနိုင်ရကာ (၂)ပွဲသရေကျထားတဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ရမှတ် (၅၃)မှတ်ဟာလည်း စီးရီးအေသမိုင်းတစ်လျှောက် (၁၉)ပွဲကစားအပြီးမှာ အများဆုံးရရှိခဲ့တဲ့ ရမှတ်အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒ့ါအပြင် ၁၉၄၈ ခုနှစ်က တိုရီနိုအသင်း စံချိန်တင်ထားခဲ့တဲ့ တစ်နှစ်အတွင်း ရမှတ် ၁၀၁ မှတ်စံချိန်ကိုလည်း ဂျူဗင်တပ်စ်က ၂၀၁၈ ခုနှစ်အတွင်းမှာ ရမှတ် (၁၀၁)မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့အပြီးမှာ တိုရီနိုရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာလည်း စီးရီးအေ သွင်းဂိုး (၁၄)ဂိုးအထိ ရှိသွားခဲ့ပြီး ရွှေဖိနပ်ဆုရယူဖို့အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်နေခဲ့ပါတယ်။