loading...

loading...

loading...

ရော်နယ်ဒိုက ချန်ပီယံလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုရဲ့ သွင်းဂိုး စံချိန်ကို လိုက်မီဖို့ဆိုရင် မက်ဆီအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းအရ နောက်ထပ် ၂၁ ပွဲလောက် ကစားဖို့လိုသေးတယ်လို့ BBC SPORTက သုံးသပ်ထားပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အကောင်းဆုံးပုံစံ ရှိမနေပေမယ့် ရော်န်ဒိုကတော့ ဂျူဗင်တပ်ကို သူ့ရဲ့သွင်းဂိုးနဲ့ နောက်တစ်ကြိမ် ထပ်မံ ကယ်တင်ခဲ့ရပြန်ပါတယ်။

အဆိုပါ မန်ယူနဲ့ ရီးရဲကစားသမားဟောင်း ရော်နယ်ဒိုကတော့ လက်ရှိမှာ အေဂျက်ဖက်ကို သွင်းယူခဲ့တဲ့ ဂိုး အပါအဝင် စုစုပေါင်း ချန်ပီယံလိဂ် သွင်းဂိုး ၁၂၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ် ထိပ်တန်း ဂိုးသွင်းရှင်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး ဒုတိယနေရာက မက်ဆီကို ၁၇ ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။

ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း

-------------------------------

အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ ၂၀၀၃ ခုနှစ်ကမန်ယူနဲ့အတူ ချန်ပီယံလိဂ် ပွဲဦးထွက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၀၇ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ပထမဆုံး သွင်းဂိုးကို ရရှိခဲ့ပြီး ရိုးမားကို ၇-၁ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ၂ ဂိုးထိ သွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ BBC SPORTရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

၁၂ နှစ်အကြာ ဒီကနေ့အချိန်မှာတော့ သူဟာ ချန်ပီယံလိဂ် သွင်းဂိုး ၁၂၅ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူ ဖြစ် လာခဲ့ပါပြီ။

“ သူက မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာ ပြသလိုက်ပါပြီ။သူ့ရဲ့ ဘောလုံးတွက်ဆပုံနဲ့ လှုပ်ရှားမှုတွေ က အခြားကစားသမားတွေနဲ့ လုံး၀ မတူညီပါဘူး။ဒီလိုမျိုး ဘယ်သူမှ မစွမ်းဆောင်နိုင်ဘူးလို့ ပြောချင်တာပါ။” လို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက Sky Sports သတင်းဌာနကို ပြောသွားတာပါ။

ရော်နယ်ဒိုအနေနဲ့ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ၈ ပွဲမှာ ၅ ဂိုးမြောက် သွင်းယူတဲ့သွင်းဂိုးလည်း ဖြစ်ပြီး ချန်ပီယံလိဂ်မှာ တစ်ပွဲ ပျမ်းမျှ သွင်းဂိုးနှုန်းက ဝ.၇၇ ရာခိုင်နှုန်းအထိရှိတယ်လို့လည်း BBC SPORTက ဖော်ပြ ထားပါတယ်။

မက်ဆီ လိုက်မီနိုင်မှာလား?

-----------------------------

အသက် ၃၁ နှစ်အရွယ် မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာမှာ စတင်ကစားခဲ့ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီအကုန်မှာတော့ ၁၃ ဂိုးနဲ့ ရော်နယ်ဒိုရဲ့ အပေါ်မှာ ရပ်တည်နိုင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ရော်နယ်ဒိုက ၂၀၁၁-၁၂ ဘောလုံးရာသီကစပြီး ၂၀၁၇-၁၈ ဘောလုံးရာသီအထိ တစ်ရာသီကို ချန်ပီယံလိဂ်သွင်းဂိုး အနည်းဆုံး ၁၀ ဂိုးထိသွင်းယူလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ၁၃၂ ပွဲကစားပြီး ချန်ပီယံလိဂ် သွင်းဂိုး ၁၀၈ ဂိုး ရယူထားနိုင်တာဟာ တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်း ဝ.၈၁ ရာခိုင်နှုန်းအထိရှိတယ်လို့ BBC SPORTက ဆိုပါတယ်။

ဒီဂိုးသွင်းနှုန်းအတိုင်းဆိုရင် ရော်နယ်ဒိုက ဂိုးထပ် မသွင်းတော့ပဲမက်ဆီက ဂိုးသွင်းယူနိုင်မယ်ဆိုရင်တော့ အနည်းဆုံး နောက်ထပ် ၂၁ ပွဲလောက် ကစားဖို့ လိုအပ်နေတာ ဖြစ်တယ်လို့လည်း BBC SPORTက တွက် ချက်ဖော်ပြထားတာတွေ့ရပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း ဗိုလ်လုပွဲရောက်ခဲ့ရင်၊နောက်ပြီး လာမယ့်နှစ်မှာလည်း ဗိုလ်လုပွဲထိ ရောက်ခဲ့ရင်တော့ မက်ဆီအနေနဲ့ လက်ရှိ ရော်နယ်ဒိုသွင်းယူထားတဲ့ ၁၂၅ ဂိုး စံချိန်ကို လိုုက်မီ နိုင်မှာ လို့ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ ကစားနေတဲ့ကစားသမားတွေထဲမှာ နောက်ထပ် ဂိုးအများဆုံးသွင်းထားသူက ရီးရဲ တိုက်စစ်မှူး ဘန်ဇီးမား ဖြစ်ပြီး သွင်းဂိုး ၆၀ ထိသွင်းယူထားတာ ဖြစ်ပါတယ်။

အဲ့နောက် မန်စီးတီး တိုက်စစ်မှူး အဂူရိုအနေနဲ့ ရော်နယ်ဒိုရဲ့ သွင်းဂိုး စံချိန်ကို လိုက်မီဖို့ဆိုရင် ၈၉ ဂိုး လိုက်သွင်းဖို့ လိုသေးတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က