မနေ့ညက ဘက်တစ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပါတယ်။
Pyae Phyo Thein
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြီး နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ဘက်တစ်ကို ဂိုးပြတ်အနိင်ရရှိခဲ့တာဖြစ်ပြီး ဘာစိလိုနာဟာ ဒုတိယနေရာမှ အက်သလက်တီကိုအသင်းကိုလည်း (၁၀)မှတ်အထိ အမှတ်ဖြတ်ထာနိုင်ခဲ့ကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။

မက်ဆီအတွက်တော့ ဒီဟက်ထရစ်ဟာ လာလီဂါမှာ (၃၃)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ လာလီဂါဟက်ထရစ်စံချိန်ဖြစ်တဲ့ (၃၄)ကြိမ်ကို လိုက်မီဖို့ (၁)ကြိမ်သာ လိုအပ်တော့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုက လာလီဂါမှာ ဟက်ထရစ်အများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပြီး (၉) နှစ်တာကာလအတွင်းမှာ (၃၄)ကြိမ်အထိ သွင်းယူနိုင်ခဲ့ပါတယ်။



ဒီရာသီမှာ မက်ဆီက လာလီဂါသွင်းဂိုးပေါင်း (၂၉)ဂိုးအထိ ရှိသွားပြီဖြစ်ကာ ဂိုးဖန်တီးမှုကလည်း စုစုပေါင်း (၁၂)ကြိမ်အထိ ရှိနေခဲ့ပါတယ်။ ဒါကြောင့် မက်ဆီက အသင်းအတွက် ဂိုးပေါင်း (၄၁)ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး လာလီဂါမှာ (၇၄)မိနစ် ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ကာ ပီချီချီဆုအတွက်ရော၊ ဥရောပရွှေဖိနပ်ဆုအတွက်ပါ အခြေအနေကောင်းမွန်သွားပြီ ဖြစ်ပါတယ်။

အသင်းအတွက် တောက်လျှောက်ဆိုသလို ခြေစွမ်းပြဂိုးတွေသွင်းပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လိုင်ယွန်ကို (၂)ဂိုးသွင်းကာ (၂)ကြိမ်ဂိုးဖန်တီးမှု မက်ဆီက ပြုလုပ်ပေးခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ လိုက်မီနိုင်တော့မှာလားဆိုတာ လက်ကျန်ပွဲ (၁၀)ပွဲမှာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


Author


က္က