အသင်းဟောင်းခေါ်ယူချင်နေတာ မဆန်းဘူးလို့လည်းဆိုခဲ့ပါတယ်။
Pyae Phyo Thein

ကင်နာဗာရိုးက ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် ပြန်လည်အစားထိုးနိုင်မှုမပြုလုပ်နိုင်ခဲ့တဲ့ ကွက်လပ်ကို ဘာပေနဲ့ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။


အီတလီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ နာမည်ကျော်နောက်ခံလူဟောင်းကင်နာဗာရိုးက ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါက ရော်နယ်ဒိုရဲ့ ခြေရာကိုနင်းနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၂၁နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်ရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း တချိန်ချိန်မှာ ကစားဖို့ဆန္ဒရှိတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ကင်နာဗာရိုးက ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် ပြန်လည်အစားထိုးနိုင်မှုမပြုလုပ်နိုင်ခဲ့တဲ့ ကွက်လပ်ကို ဘာပေနဲ့ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ရီးရဲလ်နဲ့အတူ လာလီဂါဆုဖလား ၂ကြိမ်ရရှိခဲ့တဲ့ နောက်ခံလူက အသင်းဟောင်းအနေနဲ့လည်း ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်ကလို ဘာပေကို ခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

"မက်ဒရစ်က ဘာပေလိုကစားသမားမျိုးကို လိုအပ်နေတာပါ၊ ဒီလူငယ်ကြယ်ပွင့်က ရီးရဲလ်မှာ ရော်နယ်ဒိုရဲ့ ခြေရာကိုနင်းနိုင်ပါလိမ့်မယ်၊ မက်ဒရစ်က သူ့ကိုစိတ်ဝင်စားနေတာ ပုံမှန်ပါပဲ၊ ဘာမှမထူးဆန်းပါဘူး၊ ဒါပေမယ့် ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေအတွက်တော့ ငွေကြေးမလိုအပ်ပါဘူး၊ သူတို့က ချန်ပီယံလိဂ်ဖလားအောင်မြင်မှုရဖို့ကို ရည်ရွယ်နေတာပါ"

"ဒါကြောင့် ဘာပေကိုခေါ်ယူနိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်၊ ပီအက်စ်ဂျီအသင်းဥက္ကဌကလည်း အောင်မြင်မှုတွေလိုချင်သူတစ်ဦးပါ၊ သူတို့အကြောင်း ကျွန်တော်ကောင်းကောင်းသိပါတယ်၊ သူတို့က ဘာပေကိုထိန်းသိမ်းဖို့ ကျားကုတ်ကျားခဲကြိုးစားပါလိမ့်မယ်" လို့ ကင်နာဗာရိုးက စပိန်သတင်းစာ AS ကိုပြောဆိုခဲ့ပါတယ်။

ဘာပေကတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့သူဖြစ်ပြီး လီဂူးရွှေဖိနပ်ဆုကိုလည်း ၂နှစ်ဆက်တိုက်ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဆယ်ကျော်သက်ကစားသမားဘဝမှာပဲ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကိုရယူနိုင်ခဲ့တဲ့အထိလည်း ဘာပေက အောင်မြင်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က