အက်သလက်တီကိုမက်ဒရစ် နဲ့ ဂျူဗင်တပ်စ်တို့ ကစားခဲ့တဲ့ပွဲမှာ အိမ်ရှင်အသင်းက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ အက်သလက်တီကိုနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ ရော်နယ်ဒိုဟာ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပြီး အသင်းကလည်း ရှုံးပွဲကြုံတွေ့ခဲ့ရလိ့ု တော်တော်လေးစိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုကို ရပ်တန့်သွားအောင် အက်သလက်တီကိုအသင်းက ဘယ်လိုမျိုး ဖန်တီးခဲ့လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ဓာတ်စစ်ဆင်ရေး
ပွဲစကတည်းက အက်သလက်တီကိုပရိသတ်တွေက ရော်နယ်ဒိုကိုပဲ ရည်ရွယ်ပြီးတော့ ဖိအားပေးခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဟောင်းဟ ဝမ်ဒါမက်ထရိုပိုလီတန်နိုကွင်းကြီးထဲမှာတော့ နွေးထွေးတဲ့ ကြိုဆိုမှုမျိုး မရခဲ့ပါဘူး။ ဒါမျိုးက ရော်နယ်ဒိုအတွက်တော့ ကြုံတွေ့နေကျ အခြေအနေ ဖြစ်နေလို့ သိပ်တော့မထူးဆန်းခဲ့ပါဘူး။
ဒါပေမယ့် ကွဲပြားခြားနားခဲ့တာကတော့ ရော်နယ်ဒိုက ရီးရဲလ်ကစားသမားမဟုတ်တော့ပဲ ဂျူဗီကစားသမား ဖြစ်နေခဲ့တာပါ။ ပြီးတော့ ချန်ပီယံလိဂ်လို ပြိုင်ပွဲဖြစ်တဲ့အပြင် သူတို့ကွင်းမှာဆို ကစားရခက်တဲ့ အက်သလက်တီကိုနဲ့ ရင်ဆိုင်နေခဲ့ရတာမို့ ရော်နယ်ဒိုအတွက် စိတ်ပိုင်းဆိုင်ရာအရတော့ အနည်းငယ်အနှောင့်အယှက်ဖြစ်ခဲ့ပုံရပါတယ်။
ဒါကြောင့်လည်း ပွဲအပြီးမှာ သူက လက်ငါးချောင်းထောင်ပြခဲ့ပြီး သူက ချန်ပီယံလိဂ်ဖလား (၅)ကြိမ်ရ ကစားသမားဆိုတာမျိုးကို ရည်ရွယ်ပြီး အက်သလက်တီကိုအသင်းကို လှောင်ပြောင်သွားခဲ့ပါတယ်။ နိုင်ပွဲရဖို့အတွက် စစ်မှန်တဲ့ နည်းလမ်းမျိုးတော့မဟုတ်ခဲ့ပေမယ့်လည်း အက်သလက်တီကိုက ရော်နယ်ဒိုကို ထိန်းချုပ်ဖို့အတွက်တော့ အထောက်အကူပြုခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
၂။ ရော်နယ်ဒိုကို ထောက်ပံ့ပေးနိုင်မယ့် လမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့
အယ်လီဂရီက သူ့အသင်းကွင်းလယ်မှာ မာတွီဒီ၊ ဘန်တာကာ နဲ့ ပီယာနစ်တို့ကို အထိုင်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား (၃)ဦးလုံးကတော့ ကွင်းလယ်မှာ ဟန်ချက်ညီဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီအတွက် ကွင်းလယ်ကနေ ရော်နယ်ဒို အမြင့်ဘော၊ အဝေးဘောတွေ ပေးပို့နိုင်ဖို့သာ
ကြိုးစားခဲ့ရပါတယ်။
ဒီအတွက် ရော်နယ်ဒိုဟာ ဘောလုံးရဖို့အတွက် ကွင်းလယ်အထိဆင်းပြီး ယူခဲ့ရကာ တိုက်စစ်ကို ပြန်စနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဆီမြွန်နီက ဒီဘာလာ နဲ့ ရော်နယ်ဒိုတို့ရဲ့ အတွဲအဖက်ကို တော်တော်လေးသတိထားချဉ်းကပ်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုက ပြိုင်ဘက်ဧရိယာအတွင်း ဘောလုံးတစ်ကြိမ်သာ ရယူနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာဆိုရင်လည်း ရော်နယ်ဒိုက ပထမပိုင်းကလိုပဲ ရုန်းကန်ခဲ့ရပြီး ရော်နယ်ဒိုဆီ နောက်ဆုံးဘောလုံး ပေးပို့ပေးနိုင်ဖို့အတွက် ဂျူဗီကွင်းလယ်ကစားသမားတွေ ပျက်ကွက်ခဲ့ပါတယ်။ ဒါက ရော်နယ်ဒိုဆီကို ဘောလုံးမရအောင် အက်သလက်တီကိုက ကွင်းလယ်ပိုင်းမှာ စနစ်တကျနဲ့ ပိတ်ဆို့ကစားသွားခဲ့လို့ ပီယာနစ်တို့တသိုက် နေရာလွတ်မရခဲ့ပဲ အမြင့်ဘောတွေကိုသာ အသုံးပြုခဲ့ရတာ ဖြစ်ခဲ့ရပါတယ်။
၃။ ရော်နယ်ဒိုကို ဧရိယာအတွင်း အဝင်မခံခဲ့တဲ့ အက်သလက်တီကို
ပယ်နယ်တီဧရိယာအတွင်းမှာ ရော်နယ်ဒိုရဲ့ အဆုံးသတ်ပုံက အခုချိန်ထိ ထက်မြက်နေဆဲပါ။ ဒီအချက်ကို အက်သလက်တီကိုက ကောင်းကောင်းသဘောပေါက်ခဲ့လို့လည်း ရော်နယ်ဒိုကို သူတို့ရဲ့ အန္တရာယ်ဇုန်ထဲ လုံးဝအ၀င်မခံခဲ့ပါဘူး။ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားကို ရပ်တန့်ဖို့အတွက် ဆီမြွန်နီက နည်းဗျူဟာတစ်ခုကို အပိုင်အသုံးချသွားခဲ့ပါတယ်။
ဒါကြောင့်လည်း ရော်နယ်ဒိုဟာ ဧရိယာပြင်ပက ကန်သွင်းချက်တွေကိုပဲ ပြုလုပ်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုကို ဧရိယာအတွင်းမှာ နေရာလွတ်လုံးဝမရအောင် ဂိုဒင်ဦးဆောင်တဲ့ ခံစစ်ကြောင်းက ပိတ်ဆို့သွားခဲ့ပြီး အခက်တွေ့စေခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ တိုက်စစ်ပိုင်းမှာ အသင့်နေရာယူထားဖို့၊ ဧရိယာထဲဝင်ရောက်နိုင်ဖို့ အခွင့်အရေးလုံးဝမရခဲ့ပါဘူး။ ဆီမြွန်နီရဲ့ နည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး ရော်နယ်ဒိုလည်း တော်တော်လေး စိတ်ညစ်ခဲ့ရတဲ့ ပွဲဖြစ်ခဲ့ပါတယ်။
၄။ နေရာလွတ်တွေပါ လုံးဝမရခဲ့တဲ့ ရော်နယ်ဒို
ရော်နယ်ဒိုဆီမှာ ဘောလုံးရှိနေရင် ဘယ်လောက်ထိ အန္တရာယ်ကြီးလဲဆိုတာကို ဆီမြွန်နီက မကြာခဏခံစားခဲ့ရဖူးလို့ ကောင်းကောင်းသိနေပါတယ်။ ဘောလုံးနဲ့အတူ ရော်နယ်ဒို ထိုးဖောက်လာချိန်တိုင်း ဂိုးပေးရမယ့် အခွင့်အလမ်းများတာကို သိနေခဲ့တာမို့လည်း ရော်နယ်ဒိုကို အပိုင်ထိန်းချုပ်ဖို့ ဦးစားပေး သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒို ဘယ်နေရာမှာပဲ ရှိနေနေ သူ ထိုးဖောက်သွားနိုင်မယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ကို အက်သလက်တီကိုကစားသမားတွေက ဦးစားပေးခဲ့ပါတယ်။
ဒါကြောင့်လည်း မကြာခဏဆိုသလို ရော်နယ်ဒိုက ပြစ်ဒဏ်ကျူးလွန်မှုတွေ ခံခဲ့ရပြီး ဖရီးကစ်ကန်သွင်းခွင့်တွေ ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဂျူဗီအတွက် အသုံးမတည့်ခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ လွှမ်းမိုးနိုင်မှုက ကွင်းလယ်မှာ လုံးဝမရှိချိန်တိုင်း သူက ကွင်းဘေးစည်းကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် အက်သလက်တီကိုအသင်းက Full backs တွေက သူ့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ကွင်းလယ်ကစားသမားတွေကလည်းနေရာလွတ်တွေ မရခဲ့လို့ ရော်နယ်ဒိုကို မကူညီနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုက ဘောလုံးနဲ့အတူ ဆွဲပြေးဖို့အတွက်လည်း ပြေးလမ်းကြောင်း လုံးဝမရှိခဲ့လို့ ရော်နယ်ဒိုအတွက် ကစားရတော်တော်လေးခက်ခဲ့ပါတယ်။ ရော်နယ်ဒိုက ကွင်းအတွင်းမှာ ပုံရိပ်ကြီးမားဆဲ၊အရေးပါနေဆဲ ဖြစ်ခဲ့ပေမယ့်လည်း ဒီပွဲမှာတော့ ဂိုးလုံးဝမသွင်းနိုင်ခဲ့သလို ဂိုးသွင်းဖို့အခွင့်အလမ်းတောင် ဖန်တီးနိုင်မှု နည်းပါးခဲ့ပြီး အက်သလက်တီကိုက လှလှပပ အနိုင်ယူသွားခဲ့ပါတယ်။