ဘင်ဖီကာနဲ့ ခြေစွမ်းပြနေတဲ့ အသက် ၁၉ နှစ်အရွယ် ဖီးလစ်ကို ပေါ်တူဂီအသင်းက လက်ရွေးစင်အသင်းကို ပထမဆုံးအကြိမ် ခေါ်ယူလိုက်ရာမှာတော့ ရော်နယ်ဒိုနဲ့ အပြင်မှာ ပထမဆုံးအကြိမ် တွေ့ခွင့်ရသွားခဲ့တာပါ။
ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဂျာအိုဖီးလစ်ကတော့ ပေါ်တူဂီ အသင်းရဲ့ အဓိက တိုက်စစ်မှူး ကမ္ဘာကျော် ဘောလုံးသမားကြီး ရော်နယ်ဒိုကို အပြင်မှာ ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖီးလစ်အနေနဲ့ ရော်နယ်ဒိုကို မြင်မြင်ပြီးချင်းမှာပဲ ဆန်းကြယ်စရာလို့ အံ့သြမှင်သက်စွာ ရေရွတ်ခဲ့မိတယ်လို့ သိရပါတယ်။
ဖီးလစ်ကတော့ ဒီနှစ်မှာ ဘင်ဖီကာနဲ့အတူ ခြေစွမ်းတောက်ပလာလို့ ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေ ဖြစ်တဲ့ မန်ယူနဲ့မန်စီးတီးတို့ အပြိုင်စိတ်ဝင်စားနေကြတာပါ။ အသက် ၁၉ နှစ်အရွယ်နဲ့ ဒီနှစ်မှာ ဘင်ဖီကာအသင်းအတွက် ဂိုး၂၀အထိသွင်းပေးခဲ့သလို ၁၁ ဂိုးအထိ ဖန်တီးမှု ပြုလုပ်ပေးထားနိုင်တာလည် းဖြစ်ပါတယ်။
ဖီးလစ်ကတော့ ရော်နယ်ဒိုကို တွေ့မြင်အပြီး ဘင်ဖီကာ တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြောခဲ့ရာမှာတော့ - “ အရမ်းကို ဆန်းကြယ်ပါတယ်၊ ကျွန်တော့်ရဲ့ အပြင်ဘဝမှာ ရော်နယ်ဒိုကို တစ်ကြိမ်မျှ မမြင်ဖူးပါဘူး၊ဒါက ပထမဆုံးအကြိမ်ပါပဲ၊ ကျွန်တော် လေ့ကျင့်ရေးပြီးလို့ အိမ်ပြန်ရောက်တာနဲ့ သူငယ်ချင်းတွေကို ပြန်ပြောဖြစ်ပါ တယ်။ ရော်နယ်ဒိုက ငါတို့ ဆော့နေတဲ့ ဗီဒီယိုဂိမ်းထဲက အတိုင်းပဲ သူ့ရဲ့ အမူအရာ တွေကအစ အကုန်အတူတူပဲလို့ ပြောဖြစ်ပါတယ်။” လို့ ဖီးလစ်က ပြောခဲ့ပါတယ်။
ဂျာအိုဖီးလစ်ကတော့ နေးရှင်းလိဂ် ကစားမယ့် ပေါ်တူဂီအသင်းရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရ တာဖြစ်ပြီး ရော်နယ်ဒိုကို ပထမဆုံးအပြင်မှာ မြင်ဖူးခဲ့သလို ပထမဆုံးအကြိမ် အတူတူ တွဲပြီး လေ့ကျင့်ခန်းဆင်း ခွင့်ရခဲ့အပြီးမှာပဲ အခုလို ပြောခဲ့တာပါ။
“အခုလက်ရှိ ကျွန်တော့်အတွက် အကောင်းဆုံး ကစားသမားတွေကို ပြောပါဆိုရင် ရော်နယ်ဒို၊မက်ဆီ၊နေမာနဲ့ ဘတ်ပေပါပဲ၊ကာကာကို အရင်ကအရမ်းကြိုက်ပါတယ်၊ နောက်ပြီး ရူအီကော်စတာကိုလည်း အရမ်းကြိုက်ပါတယ်၊ ဒီနှစ်ယောက်က ကျွန်တော့်ကို ဘောလုံးပွဲတွေ ကြည့်စေခဲ့သူတွေပါ။” လို့ ဖီးလစ်က ပြောခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဖီးလစ်ကို ဘင်ဖီကာအသင်းက စိတ်ဝင်စားနေတဲ့အသင်းတွေရှိတာကြောင့် ယူရို သန်း ၁၀၀ ဝန်းကျင်လောက် ရမှ ရောင်းထုတ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။